တနင်္သာရီတိုင်း မြိတ်ခရိုင် ပုလောမြို့မှာ ဧပြီ ၁၇ ရက်နေ့ မွန်းလွန်းပိုင်းက ထားဝယ်ဘက်ကနေ စစ်ကောင်စီတပ်သားတွေ လိုက်ပါလာတဲ့ယာဉ် ၂ စီးကို ပုလော ၂၈၅ တပ်ရင်းအနီးမှာ ပုလောပြည်သူ့ကာကွယ်ရေးတပ်မတော် (PPDF) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) က သွားရောက်မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ၂ ဦးကျဆုံးခဲ့ပြီး တချို့ဒဏ်ရာပြင်းထန်ရခဲ့တယ်လို့ ပုလော PDF ပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။
"ကျနော်တို့တပ်ဖွဲ့က ထားဝယ်ဘက်ကနေ ပုလောဘက်ကို စစ်ကား ၂ စီး အင်အား ၂၀ နဲ့ ဆင်းသွားတယ်။ သတင်းရလို့ ပုလော ၂၈၅ တပ်ရင်းအနီးမှာ လိပ်မိုင်းလို့ခေါ်တဲ့ မိုင်းနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာ။ ဒုတိယကား ၁ စီးမိသွားပြီး စစ်ကောင်စီတပ်သား ၂ ဦး ကျဆုံးသွားပြီး အချို့ဒဏ်ရာတွေ တော်တော်ရသွားတာ မြင်ခဲ့တယ်။”
မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီ ပုလော ၂၈၅ တပ်ရင်းက တောင်ပေါ်ကနေ PDF တွေရှိမယ်ယူဆရတဲ့နေရာတွေကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ရမ်းသန်းပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီမိုင်းဆွဲတိုက်ခိုက်မှုဖြစ်စဉ်အတွင်း ပုလောပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က အထိအခိုက်မရှိ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ပုလော PDF က ပြောပါတယ်။
မတ်လ ၁၆ ရက်နေ့ ပုလောကုန်းတိုက်ပွဲနဲ့ ပပြင်ကျေးရွာအနီးတိုက်ပွဲမှာလည်း စစ်ကောင်စီတပ်သား ၂၀ ကျော် ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
နှစ်ဘက်တိုက်ပွဲအခြေအနေနဲ့ ကျဆုံး ဒဏ်ရာရမှုအခြေအနေကို စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။