ဧပြီ ၁၇ ရက်နေ့ နှစ်ဆန်း ၁ ရက်မှာ ကယားပြည်နယ် လွိုင်ကော်မြို့အကျဉ်းထောင်ကနေ အကျဉ်းသား ၁၀ ဦး ပြန်လွတ်လာတယ်လို့ သိရပါတယ်။
လွိုင်ကော်မြို့အကျဥ်းထောင်မှာ အကျဥ်းကျခံနေရတဲ့ အကျဥ်းသား ၁၀ ဦးကို ဒီကနေ့ မနက် ၈ နာရီခွဲမှာ အမိန့်အမှတ် ၃၀ /၂၀၂၂၊ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်နဲ့ လွှတ်ပေးလိုက်တာလို့ ဆိုပါတယ်။
တပ်မတော်အက်နဲ့ ပြစ်ဒဏ်ကျခံနေရတဲ့ ငြိမ်းထက်အောင်ပါ ၁၀ ဦးတို့ကို လွိုင်ကော်အကျဥ်းထောင်ကနေ လွှတ်ပေးခဲ့တာလို့လည်း စစ်ကောင်စီရဲ့မီဒီယာမှာ ဖော်ပြထားပါတယ်။
မြန်မာနှစ်ဆန်းတရက် ဧပြီ ၁၇ ရက်နေ့မှာ စစ်ကောင်စီက နိုင်ငံတဝန်းက အကျဉ်းသား၊ အကျဉ်းသူ နိုင်ငံသား ၁၅၇၇ ယောက်နဲ့ နိုင်ငံခြားသား ၄၂ ယောက် စုစုပေါင်း ၁၆၁၉ ယောက်ကို လွတ်ငြိမ်းသက်သာခွင့်ပေးတာလို့ ကြေညာထားတာပါ။
နိုင်ငံတဝန်းအကျဉ်းထောင်အသီးသီးကနေ ဒီနေ့ပြန်လွှတ်ပေးတဲ့အထဲမှာ ဒီဗွီဘီက စုံစမ်းမေးမြန်းချက်အရ နိုင်ငံရေးအကျဉ်းသားတွေ ပါ၀င်တာ မရှိသေးဘူးလို့ သိရပါတယ်။