မုံရွာ-ချောင်းဦးလမ်းပိုင်းကို တာဝန်ယူ ကြီးကြပ်ဆောင်ရွက်နေတဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် ကင်းပွိုင့်တခုကို ဧပြီ ၁၇ ရက်နေ့ မနက် ၇ နာရီလောက်မှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့က ဝင်ရောက်ပစ်ခတ်ဖမ်းဆီးတာကြောင့် PDF ရဲဘော် ၅ ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
ကျဆုံးသွားတဲ့ ရဲဘော်တွေဟာ မုံရွာသပိတ်စစ်ကြောင်းအတွက် မုံရွာ-ချောင်းဦးလမ်းပိုင်း လုံခြုံရေးပွိုင့်ယူပေးနေတဲ့သူတွေဖြစ်ပြီး အဲ့ဒီပစ်ခတ်မှုမှာ တောပုကျေးရွာက ပျူစောထီးတွေ အဓိကပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒလန်သတင်းပေးမှုအရ PDF ပွိုင့်နေရာ အတိအကျကိုသိပြီး ဝင်ရောက်ဖမ်းဆီးပစ်သတ်ခဲ့တာဖြစ်ပြီး ကျဆုံးသွားတဲ့ ရဲဘော်တွေကို အလေးနီပြုပြီး အင်မတန်လည်း ကြွေခဲ့ရပါတယ်လို့ မုံရွာပင်မသပိတ်စစ်ကြောင်းဦးဆောင်သူ ကိုသန်းကျော်ဦးက သူ့ဖေ့စ်ဘွတ်ခ်ကနေ ပြောဆိုထားပါတယ်။
"ကနေ့ မနက်ခင်း ၇ နာရီအချိန်တိတိက မုံရွာ-မန္တလေး လမ်းမကြီးပေါ်မှာ မုံရွာပင်မသပိတ်စစ်ကြောင်းဟာ PDF တွေနဲ့အတူ လူထုအင်အား အများအပြားနဲ့ မိနစ် (၂၀) တိတိ စစ်ကောင်စီကို ဆန့်ကျင်ကြောင်း ချီတက်သပိတ်မှောက် ဆန္ဒပြခဲ့ကြတယ်။ စကစတွေ၊ ပျူတွေနဲ့ ထိတွေ့မှု တစုံတရာမှ မဖြစ်ခဲ့သလို သပိတ်စစ်ကြောင်းဟာလည်း အောင်အောင်မြင်မြင်နဲ့ ပြီးဆုံးခဲ့ပြီး ဘေးအန္တရာယ်ကင်းစွာပဲ လူစုခွဲနိုင်ခဲ့တယ်။ သပိတ်စစ်ကြောင်းအထဲမှာ လိုက်ပါလာတဲ့ မိဘပြည်သူတွေနဲ့ PDF တွေမှာ ဘာအန္တရာယ်မှမဖြစ်ခဲ့ပါ။ သပိတ်စစ်ကြောင်းအပြီး ခဏအကြာမှ မုံရွာ- ချောင်းဦး လမ်းပိုင်းကို တာဝန်ယူ ကြီးကြပ်ဆောင်ရွက်ပေးနေတဲ့ Local PDF ကင်းပွိုင့်တခုကို တောပုပျူစောထီးတွေက ဒလံသတင်းပေးမှုအရ PDF ပွိုင့်နေရာအတိအကျကို သိပြီး ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။ PDF ၅ ဦးအဖမ်းခံရပြီးတော့ ချက်ချင်းပဲ ပျူစောထီးတွေက ရက်ရက်စက်စက် ပစ်သတ်ခဲ့ပါတယ်။ ကျဆုံးသွားခဲ့တဲ့ ရဲဘော်တွေဟာ ကျနော်တို့ညီအကိုတွေပါ၊ အလေးနီပြုပါတယ်ရဲဘော်တို့။ အင်မတန်လည်း ကြွေကွဲရပါတယ်၊ အကြိမ်ကြိမ်ပြိုလဲရပါတယ်။”
ဒီဖြစ်စဉ်ဟာ သပိတ်စစ်ကြောင်းထွက်ခွာနေချိန် ဖြစ်တာ မဟုတ်တာကြောင့် သပိတ်စစ်ကြောင်း ဦးဆောင်သူတွေ၊ စစ်ကြောင်းအတွင်း လိုက်ပါကာကွယ်ပေးခဲ့တဲ့ PDF တွေနဲ့ ပြည်သူအားလုံး အန္တာရာယ်ကင်းကင်းနဲ့ ဒီကနေ့ သပိတ်ကို ပြုလုပ်နိုင်ခဲ့ပါတယ်။
သပိတ်မှာ ပါဝင်ခဲ့တဲ့ လူငယ်တဦးက “ဖြစ်တာက ကျနော်တို့ သပိတ်ပြီးမှဖြစ်တာထင်တယ်ဗျ။ ကျနော်တို့ သပိတ်ကတော့ အောင်မြင်စွာတော့လုပ်နိုင်ခဲ့တယ်။ အခြားတနေရာမှာ သပ်သပ်ဖြစ်တာနေမယ်ဗျ။ ကျနော်တို့ သပိတ်ကတော့ အထိအခိုက်မရှိ လူစုခွဲနိုင်ခဲ့တယ်။ PDF ၅ ဦးကျတာတော့ဟုတ်တယ်ဗျ။” လို့ ပြောပါတယ်။