ကချင်ပြည်နယ် ဖားကန့်မြို့နယ်၊ နန့်ယားကျေးရွာမှာ ဧပြီ ၁၅ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ရဲ့ကား ၁ စီး မိုင်းခွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ရင်းမှူးရဲ့ကားနဲ့ တပ်သားသုံးဦး ဈေးဝယ်ထွက်လာစဉ် အမည်မသိအဖွဲ့က မိုင်းခွဲ တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်သား ၁ ဦး လည်ပင်းနဲ့ပါးမှာ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံများထံက သိရပါတယ်။
“ကားကတော့ နန့်ယား တပ်ရင်းမှူးစီးနေတဲ့ကား ပါဂျဲရိုးစစ်စိမ်းရောင်ပဲ။ ဈေးနားမှာ မိုင်းခွဲခံရတာ။ ကားရဲ့ဘေးတခြမ်းစုတ်ပြတ်သွားတယ်။ လုံခြုံရေးလည်း တင်းကျပ်ထားတယ်။ တပ်သား ၁ ဦး လည်ပင်းနဲ့ ပါးမှာ ထိခိုက်ဒဏ်ရာရတယ်။ ဘယ်သူဖောက်ခွဲတယ်ဆိုတာလည်း မသိရဘူး” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
အမည်မသိအဖွဲ့က ကားမိုင်းဆွဲတိုက်ခိုက်ခဲ့မှုအပြီး နန့်ယား စစ်ကောင်စီတပ်ဘက်က သေနတ်နဲ့ ပစ်ခတ်ပြီး လုံခြုံရေးတင်းကျပ်ကာ စစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
ဖားကန့်မြို့နယ်မှာ ဗုံးပေါက်ကွဲတာတွေ မကြာခဏ ဖြစ်ပေါ်လေ့ရှိပြီး ပြီးခဲ့တ့ မတ်လပိုင်းက စည်ပင်သာယာရုံးမှာ ဗုံးပေါက်ကွဲခဲ့တဲ့အတွက် ရုံးဝန်ထမ်း ၁ ဦးဒဏ်ရာရခဲ့တဲ့အပြင် ရဲစခန်း အနီးမှာလည်း ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့အတွက် ရဲ ၃ ဦး ဒဏ်ရာရှိခဲ့ပါတယ်။