ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်၊ အမှတ် ၉ ရဲစခန်းအနားမှာ သင်္ကြန်အတက်နေ့ ဧပြီ ၁၆ ရက်မနက် ၉ နာရီလောက်က ဗုံးပေါက်ကွဲပြီး လူထိခိုက်မှုတော့မရှိဘူးလို့ ဒေသခံတွေထံက သိရပါတယ်။
မြို့ခံတဦးက “ဗုံးထောင်ထားတာသိလို့ စစ်တပ်နဲ့ ရဲက ဗုံးရှင်းလင်းဖို့ ပြင်နေတုန်း ပေါက်ကွဲသွားတာလို့ ကြားတယ်။ ဧပြီ ၁၅ ရက်ညကလည်း နေရာအနှံ့မှာ ဗုံး ၅ လုံး ပေါက်သေးတယ်။ ထိခိုက်တော့မသိဘူး” လို့ပြောပါတယ်။
အလားတူ တွံတေးမြို့မှာလည်း ဧပြီ ၁၅ ရက် ည ၈ နာရီလောက်က ဘုရင့်နောင်ရပ်ကွက်ရှိ စရဖရုံးမှာ ပေါက်ကွဲခဲ့ပါတယ်။
တွံတေးစရဖရုံးပေါက်ကွဲမှုကို PDF-Twantay Ranger အဖွဲ့က လုပ်ဆောင်ခဲ့တာလို့ ထုတ်ပြန်ထားပေမယ့် ထိခိုက် သေဆုံးမှုကိုတော့ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
သင်္ကြန်ကာလ မြန်မာနိုင်ငံအနှံ့ မြို့တွေ နယ်တွေမှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပေမဲ့ ပြည်သူလူထု ထိခိုက်မှုနည်းပါးအောင် စောင့်ဆိုင်းလုပ်ဆောင်နေရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။