ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် ရဲစခန်းတခုမှာ သင်္ကြန်အကျနေ့ ဧပြီ ၁၄ ရက် ညနေ ၄ နာရီက ဗုံးပစ်ခံရပြီး ပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဒီနေ့ညနေ ၄ နာရီက တောင်-မြောက် လမ်းဆုံမှာရှိတဲ့ ရဲစခန်းကို ဗုံးနဲ့ လာပစ်သွားတာဖြစ်ပြီး ပေါက်ကွဲမှုကြောင့် လူထိခိုက်တာတော့ မကြားဘူးလို့ ဒေသခံကပြောပါတယ်။
အလားတူ ဒီနေ့ည ၇ နာရီ မိနစ် ၄၀ လောက်ကလည်း ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်မှာ ပေါက်ကွဲသံကြားပြီး ပစ်ခတ်သံတွေ ထွက်ပေါ်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
“ည ၇ နာရီ ကျော်က ပေါက်ကွဲသံကြားတယ်။ မကြာဘူး ပစ်ခတ်သံတွေကြားတယ်။ ညဆိုတော့ ထွက်မကြည့်ဖြစ်ဘူး။ ဘယ်နေရာလဲ အတိအကျ မသိရသေးဘူး”လိူ့ ဒေသခံ တယောက်က ပြောပါတယ်။
မြောက်ဒဂုံမှာ ပဒေသာမိုင်း အလုံး ၃၀ ထပ်မံဖောက်ခွဲဖို့ ရှိတာကြောင့် ပေါက်ကွဲသံတွေနဲ့ ဝေးတဲ့ နေရာမှာ နေကြဖို့ ၊ပေါက်ကွဲသံ ကြားပါကလည်း စပ်စု တာတွေ မလုပ်ဖို့ little hero အဖွဲ့က ဧပြီ ၁၁ ရက်မှာ အများပြည်သူကို သတိပေးထားပါတယ်။
လှိုင်သာယာမြို့နယ် ၁၀ ရပ်ကွက်ရုံးနားက ရေကစားမဏ္ဍပ်မှာလည်း ဒီနေ့လယ် ၂ နာရီခွဲလောက်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး မဏ္ဍပ်အနီးက စျေးသည် အမျိုးသမီးတယောက်နဲ့ တခြားအမျိုးသား တယောက် ထိခိုက် ဒဏ်ရာရသွားပါတယ်။