စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မြင်းစီးရွာမှာ ပျူစောထီးအဖွဲ့နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ဧပြီ ၁၄ ရက် ဒီမနက် ၆ နာရီလောက်က တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြင်းစီးကျေးရွာက ဌေးအောင်ဦးဆောင်တဲ့ ပျူစောထီးအဖွဲ့ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ကျေးရွာအတွင်းအထိ ဝင်ရောက် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
မြင်းစီးကျေးရွာသားတဦးက “မနက်လင်းလင်းချင်း ပစ်ကြတာ။ အခုအပစ်ခံရတဲ့ကောင်က သူ့ကိုယ်သူ ဆရာကြီးလိုလို ဘာလိုလိုနဲ့။ ပထွေးအဖေခေါ်နေတဲ့ကောင်။ ရွာသားတွေကတော့ အဲကောင် ဌေးအောင်ကို သေစေချင်နေတာ။ သူရွာမှာရှိနေတော့ ရွာလည်း အေးအေးချမ်းချမ်း မနေရဲကြဘူး။ စစ် (-) တွေက မြှောက်ပေးထားတာဆိုတော့ လက်နက်လေးတကားကားနဲ့” လို့ ပြောပါတယ်။
ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာ ၁၅ မိနစ်လောက် ကြာခဲ့ပြီး ပျူစောထီးတွေဘက်က ၃ ယောက်လောက် သေသွားတယ်လို့ PDF ရဲဘော်တဦးက ပြောပါတယ်။
“ကျနော်တို့ရဲ့ မဟာမိတ် ခင်ဦး PDF က လာလုပ်သွားတယ်ဗျ။ ပျူသုံးဦးကျပြီး လက်နက်သုံးလက် ရသွားတယ်။ ပျူခေါင်းဆောင်ကတော့ ထွက်ပြေးသွားတယ်။ကျနော်တို့ဘက်ကတော့ အကျအဆုံး မရှိခဲ့ဘူး။”
မြင်းစီးရွာဟာ ရွှေဘိုမြို့ရဲ့ အနောက်မြောက်ဘက်မှာ တည်ရှိကာ ဒေသခံတွေကတော့ လယ်ယာလုပ်ငန်းကို လုပ်ကိုင်စားသောက်နေထိုင်တဲ့ ကျေးရွာတရွာ ဖြစ်ပါတယ်။
ရွှေဘိုမြို့နယ်မှာ ဧပြီ ၁၃ ရက် ညပိုင်းကလည်း ရွှေဘို-မြစ်ကြီးနားလမ်း ရေထွက်ကျေးရွာအနီး တန်ပိုစစ်ဆေးရေး တိုးဂိတ်ကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်က ဝင်ရောက်တိုက်ခိုက်ရာက တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
ရွှေဘိုဒေသခံတဦး “ည ၁၀ နာရီ မထိုးခင်လေးမှာ တိုက်ပွဲဖြစ်တာ။ လက်နက်ကြီး ပေါက်ကွဲသံလည်း ကြားရတယ်။ သေနတ်သံတွေလည်း ကြားရတယ်။ ဒေသခံ PDF နဲ့ တိုက်ပွဲဖြစ်တာ။ သေနတ်သံတွေကတော့ ရွာထဲကနေ ကြားနေရတယ်။ သွားမကြည့်ရဲဘူး၊ အသေအပျောက်တော့ ရှိမှာပဲ။ တိတိကျကျ မသိရသေးဘူး” လို့ ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားခဲ့တဲ့အတွက် စစ်ဆေးရေးဂိတ်အနီး နေထိုင်တဲ့ ကျေးရွာတွေက ရွာသားတချို့ ဘေးလွတ်ရာ ရှောင်တိမ်းနေကြရပါတယ်။