ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ကမ်းနားလမ်းရှိ ပြည်သူ့အားကစားဥယျာဉ်မှာ သင်္ကြန်ပွဲတော်ကျင်းပဖို့ စစ်ကောင်စီကပြင်ဆင်ထားတဲ့ မုခ်ဦး ဧပြီလ ၁၃ ရက် သင်္ကြန်အကြိုနေ့ မနက် ၄ နာရီလောက်က မီးလောင်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မီးလောင်သွားခဲ့တဲ့ မုခ်ဦးကို မနက်ပိုင်းမှာ ပြန်လည်ပြင်ဆင်ခဲ့ပြီး သင်္ကြန်ပွဲတော်ကို ဆက်လက်ကျင်းပခဲ့တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
"မြစ်ကြီးနား တမြို့လုံးမှာ သင်္ကြန်ပွဲတော်ကျင်းပဖို့ မဏ္ဍပ်လည်း တခုမှမရှိဘူး။ ဘယ်သူမှလည်း ရေမလောင်းဘူး။ စျေးနားက ပြည်သူ့ဥယျာဉ်မှာပဲ တခုပဲရှိတယ်။ စစ်ကောင်စီက လမ်းလျှောက်သင်္ကြန်ကျင်းပဖို့ လုပ်ထားတာ။ ဒီမနက် ၄ နာရီလောက်က မုခ်ဦးမီးလောင်သွားခဲ့တယ်။ သူတို့ မနက်စောစောပိုင်းက ပြန်ပြင်လိုက်ပြီးတော့ ဖွင့်ပွဲတွေလုပ်ပြီး ရေလောင်းနေကြတယ်။ အဆိုတော်တွေရော သီချင်းဖျော်ဖြေကြတယ်။ အပြင်လူတွေလည်း ဝင်လို့မရဘူး။ အဲ့ဥယျာဉ်ဘေးပတ်လည်မှာတော့ လုံခြုံရေးယူထားပေးတဲ့ ရဲတွေ၊ စစ်သားတွေက ရေကစားတဲ့သူထက် ပိုများနေတယ်"
မြစ်ကြီးနားမြို့က သင်္ကြန်ပွဲတော်မှာ စစ်ကောင်စီနဲ့ အပေါင်းပါလူတစုကလွဲပြီး တမြို့လုံးမှာ သင်္ကြန်ပွဲတော်ကျင်းပဖို့ မဏ္ဍပ်တွေ မရှိသလို သင်္ကြန်ရေပက်ကြသူတွေလည်း မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။