စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ် တာဟန်းရပ်ကွက် ခရစ်ယာန်ဘုရားကျောင်းအနီးမှာ ဧပြီ ၁၂ ရက် ဒီမနက် ၃ နာရီခွဲလောက်က စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ပြည်သူ တယောက် ဒဏ်ရာရရှိကာ နေအိမ်လည်း ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကလေးဒေသခံအမျိုးသမီးတစ်ဦးက “မနက်ပိုင်းကတည်းက ပစ်ခတ်နေတာ။ ဘာကြောင့်ပစ်တယ်တော့မသိဘူး။ ကိုယ့်အိမ်ကို အိပ်ရတာတောင် မလုံခြုံတဲ့ ဘဝတွေဖြစ်နေပါပြီ။ ကျမသဘောပြောရရင် သူတို့သတ္တိရှိရင် မြို့ပြင် စစ်မြေပြင်သတ်မှတ်ပြီး တိုက်ကြပါလား။ အခုဟာက အဲစစ်ကောင်စီတပ်တွေက ပြည်သူတွေနေတဲ့ ရပ်ကွတ်ထဲပဲ ပစ်နေတာ။ PDFနဲလည်း ယှဉ်မတိုက်ရဲဘဲနဲ့ ထစ်ခနဲ့ဆို ပြည်သူအိမ်မီးရှို့မယ်၊ ပြည်သူတွေနေတဲ့ ရွာထဲ၊ မြို့ထဲပစ်ရအောင်လောက် စဉ်းစားနေကြတာ။ အခုလည်း ကျမတို့ရပ်ကွက်ထဲ စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်လို့ လူတဦးဒဏ်ရာရတာရယ်၊ နေအိမ်တလုံး ပျက်စီးတာတွေလည်း ရှိတယ်” လို့ ပြောပါတယ်။
ကလေးမြို့ပေါ်မှာ ဧပြီလဆန်းပိုင်းကနေ စတင်ပြီး စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲဖြစ်ပွားနေတာ မကြာခဏ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က ကလေးမြို့ပေါ်မှာ လုံခြုံရေး တင်းကျပ်စစ်ဆေးတာတွေ လုပ်ဆောင်နေတယ်လို့ ကလေးမြို့နယ်ဒေသခံက ပြောပါတယ်။