စစ်ကိုင်းတိုင်း ပုလဲနဲ့ ကလေးမြို့နယ်တို့မှာ ဧပြီ ၁၀ ရက်နေ့က စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ပုလဲမြို့နယ်မှာ ကင်းလှည့်လာတဲ့ စစ်ကောင်စီတပ်ကို ဌေးအောင်ရွာအနောက်ဘက် သီးပင်ကိုင်းရွာ ကြားမှာ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ဧပြီ ၁၀ ရက်နေ့ မနက်အစောပိုင်း ၆ နာရီလောက် ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ MRDA ရဲ့ တာဝန်ရှိသူ ဗိုလ်နဂါးက ပြောပါတယ်။
“သီးပင်ကိုင်းရွာကနေ ဌေးအောင်ရွာဘက်ထွက်လာတဲ့ စစ်ကောင်စီတပ်ကို စစ်ကြောင်းနှစ်ကြောင်းခွဲပြီး တိုက်ခဲ့တယ်။ ကျနော်တို့ဘက်က စနိုက်ပါ ၈ လက်နဲ့ အပီတွယ်ခဲ့တာ။ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ယောက်ကို ထိထိမိမိပစ်နိုင်ခဲ့တယ်။ အာပီဂျီနဲပစ်တာကတော့ အကျဆုံးလည်းရှိတယ်၊ ဒဏ်ရာရတဲ့သူလည်း ရှိတယ်။ အတိအကျတော့ မပြောနိုင်ဘူး။ သူတို့ဘက်ကပစ်လို့ ကျနော်တို့ဘက်က ၁ ဦးဒဏ်ရာရတာရှိတယ်။ အသက်အန္တရယ်တော့ မစိုးရိမ်ရဘူး။ တိုက်ပွဲဖြစ်ပြီး မကြာဘူး၊ ကန်းဒေါင့်မှာ စခန်းချထားတဲ့ စစ် (-)တွေ တပ်ကူလာလို့ နောက်ဆုတ်ခဲ့တယ်” လို့ ပြောပါတယ်။
အခုဖြစ်ပွားတဲ့တိုက်ပွဲမှာ မြန်မာ့တော်ဝန်နဂါးတပ်တော်က ဦးဆောင်ပြီး မြိုင်မြို့နယ်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များနဲ့ ပုလဲဒေသခံ Local PDF အဖွဲ့တွေ စုပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
ကလေးမြို့နယ်တောင်ပိုင်း ရန်ကြီးအောင်ရွာကနေ ကလေးမြို့ဘက် ထွက်ခွာလာတဲ့ စစ်ကောင်စီအင်အား ၁၄၀ လောက်ကိုလည်း ဟဲ့လုပ်ရွာအနီးမှာ ဧပြီ ၁၀ ရက်နေ့ မနက် ၁၁ နာရီလောက် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ချုံခိုတိုက်ခိုက်ခဲ့ကြတယ်လို့ CDF-KKG က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်ကို CDF-KKG တပ်ရင်း (၃) နဲ့ CNDF ပူးပေါင်းတပ်ဖွဲ့ ကြားဖြတ်ချုံခိုတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သား ၄ ယောက်လောက် ကျဆုံးနိုင်ပြီး CDF-KKG အနေနဲ့ သီးခြားအတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။
ဧပြီလ ၁၀ ရက်နေ့ မွန်းလွဲပိုင်းကလည်း ပူးပေါင်းတပ်ဖွဲ့ ပန်းမွန်ချောင်းအနီးမှာ ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦး ကျဆုံးပြီး စစ်ကားတွေထိခိုက်ပျက်စီးမှု ရှိခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီညနေပိုင်းမှာဘဲ နတ်ချောင်းရွာအနီးမှာ ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တွေ ထပ်မံထိတွေ့မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၄ ယောက်လောက် ကျဆုံးသွားတယ်လို့ CDF-KKG က ထုတ်ပြန်ထားပါတယ်။
ဧပြီ ၁၀ ရက်နေ့ ထိတွေ့တိုက်ပွဲတွေမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ CDF-KKG နဲ့ CNDF ပူးပေါင်းတပ်ဘက်က အထိအခိုက်ကျဆုံးမရှိခဲ့ဘူးလို့ CDF-KKG တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
ဧပြီ ၉ ရက်နေ့ အောင်သာယာကျေးရွာအနီးမှတိုက်ပွဲမှာတော့ CDF-KKG တပ်ဖွဲ့က တပ်သား ၂ ဦး ကျဆုံးခဲ့ပါတယ်။
ဧပြီ ၁၀ ရက်နေ့ ပုလဲနဲ့ ကလေးမြို့နယ်တို့မှာ တိုက်ပွဲဖြစ်ပွားခဲ့တာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ စစ်အာဏာရှင်ကျဆုံးရေး တော်လှန်ရေး လုပ်ငန်းစဉ်တွေ ကို အရှိန်မြှင့်လုပ်ဆောင်သွားမှာဖြစ်ပြီး ပြည်သူတွေ ပူးပေါင်းပါဝင်ပေးကြဖို့ CDF-KKG က တိုက်တွန်းထားပါတယ်။
လတ်တလောမှာ ပြည်သူ့တော်လှန်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေကြား စစ်ရေး တင်းမာနေပြီး တိုက်ပွဲတွေ အချိန်မရွေး နေရာမရွေး ဖြစ်ပွားနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ ကလေး-ဂန့်ဂေါပြည်ထောင်စုလမ်းမကို အသုံးမပြုကြဖို့လည်း CDF-KKG က မေတ္တာရပ်ခံထားပါတယ်။
စစ်ကိုင်းတိုင်းအတွင်း ပြီးခဲ့တဲ့ မတ်လကစတင်ကာ စစ်ကောင်စီက အင်တာနက်တွေ ဖြတ်တောက်ပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်တွေကို အင်အားအလွန်အကျွံသုံး ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲတွေ နေ့စဉ်လိုလို ဖြစ်ပွားနေသလို နေအိမ်တွေ မီးရှို့ဖျက်ဆီးခံနေရတာကြောင့် ပြည်သူ သိန်းနဲ့ချီ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။