မြန်မာ့နွေဦးတော်လှန်ရေးမှာ တက်တက်ကြွကြွပါဝင်နေကြတဲ့ ပြည်သူ့ဘက်တော်သား ဟားငါးကောင်အဖွဲ့က ဖျော်ဖြေကြမယ့် တော်လှန်သင်္ကြန်အငြိမ့်ကို ထုတ်လွှင့်သွားဖို့ ရှိနေပါတယ်။
ဒီတင်ဆက်မှုကိုတော့ ဒီဗွီဘီ ရုပ်သံဌာနအပါအဝင် Dday channel ၊ PVtv နဲ့ တခြား တော်လှန်ရေးမီဒီယာတွေမှာ လာမယ့် ဧပြီ ၁၃ ရက် သင်္ကြန်အကြိုနေ့က စတင်ထုတ်လွှင့်သွားမယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ အကြမ်းဖက်စစ်ကောင်စီဟာ နိုင်ငံတဝန်းမှာ သင်္ကြန်ပွဲတော်ကျင်းပဖို့ ဖိအားပေးပြင်ဆင်နေသလို ပြည်သူတရပ်လုံးကလည်း ဒီပွဲတော်မှာ မပါဝင်မဆင်နွှဲဘဲ အာဏာရှင်ကို ဆက်လက်ပြီး ဆန့်ကျင်တော်လှန်ဖို့ ပြင်ဆင်နေကြပြီး အမှန်တရားဘက်တော်သား အနုပညာရှင်တွေကလည်း ဒီသင်္ကြန်ပွဲကို ညီညီညာညာ သပိတ်မှောက်နေကြတာ ဖြစ်ပါတယ်။
ခုလိုအခြေအနေမှာ ပျော်ပွဲရွှင်ပွဲတွေ ကျင်းပဖို့ စီစဉ်နေတာတွေကို ပြည်သူတွေက ဝေဖန်ကန့်ကွက်ဆန့်ကျင်နေကြတာတွေလည်း ရှိနေပြီး အကြမ်းဖက်စစ် ကောင်စီနဲ့ လက်တွဲပြီး အလိုကျလိုက်ပါ ဖျော်ဖြေနေတဲ့ ရုပ်ရှင်၊ ဂီတ၊ စာပေ၊ အားကစားနယ်ပယ်အသီးသီးက ထင်ရှားကျော်ကြားသူတွေကိုလည်း လူမှုပြစ်ဒဏ်ခတ် အရေးယူမှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေကြတာကိုလည်း တွေ့ရပါတယ်။
ဟာသလူရွှင်တော် တိုင်းကျော်၊ ပြည်ကျော်၊ တိုးကျော်၊ ဝိုင်းကျော်နဲ့ ပိုးလေးတို့ ပူးပေါင်းထားတဲ့ ဟားငါးကောင်အဖွဲ့ကို ဦးသိန်းစိန်အစိုးရလက်ထက်မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ ဦးသိန်းစိန် အစိုးရနဲ့ အန်အယ်လ်ဒီ အစိုးရတွေကို ပြက်လုံးတွေထုတ်ခဲ့တဲ့ လူရွှင်တော်အဖွဲ့ဖြစ်ကာ လက်ရှိ အာဏာသိမ်းစစ်ကောင်စီလက်ထက်မှာလည်း ပြည်သူတွေနဲ့ တသားတည်းရပ်တည်ကာ ရှေ့တန်းကနေ အနုပညာအလုပ်တွေကို ဆက်လုပ်နေပြီး တော်လှန်ရေးမှာ ပါဝင်နေကြတာ ဖြစ်ပါတယ်။
နွေဦးတော်လှန်ရေးမှာ စစ်အာဏာရှင်ကိုတော်လှန်တဲ့ ပြည်သူတွေကို စစ်ကောင်စီက အကြမ်းဖက်ခဲ့သလို ပြည်သူဘက်ကရပ်တဲ့ အနုပညာသမားတွေကိုလည်း စစ်ကောင်စီက ဖမ်းဆီး ထောင်ချခဲ့ပါတယ်။
ဟားငါးကောင်အဖွဲ့ကိုလည်း စစ်ကောင်စီက လိုက်လံဖမ်းဆီးတာကြောင့် တောထဲကို တိမ်းရှောင်လာရသလို လက်ရှိအချိန်မှာ လွတ်မြောက်နယ်ရဲ့ တနေရာမှာရှိပြီး အာဏာရှင်တော် လှန်ရေးကို တစိုက်မတ်မတ် လုပ်ကိုင်နေတာ ဖြစ်ပါတယ်။