စစ်ကိုင်းတိုင်း ယင်းမာပင်နဲ့ ကလေးမြို့နယ်တို့မှာ ဒီနေ့မနက်ပိုင်းက ကျေးရွာအချို့ကို စစ်ကောင်စီတပ်တွေ ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ယင်းမာပင်မြို့နယ် ထန်းဇင်ကျေးရွာအနီး မုံရွာ-ယာကြီး-ကလေးဝ လမ်းဘေးဝဲယာရှိ (ဒေသခေါ် -ရေသောက်ကန်တောပြင်) ပြည်သူတွေရဲ့ နေအိမ်တွေကို ဧပြီ ၁၁ ရက် မနက်ပိုင်း ၁၀ နာရီဝန်းကျင်လောက်မှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့တို့ ပူးပေါင်းပြီး မီးရှို့ဖျက်ဆီးခဲ့ကြတာကြောင့် အနည်းဆုံး နေအိမ် ၁၀ လုံးလောက် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိအချိန်ထိ စစ်ကောင်စီတပ်နဲ့ပျူစောထီးအဖွဲ့တို့ဟာ မီးရှို့တဲ့နေရာအနီးမှာဘဲ ရှိနေသေးပြီး ဒေသခံပြည်သူတွေ သွားမကြည့်ရဲတာကြောင့် မီးလောင်ဆုံးရှုံးမှုအရေအတွက်အတိအကျနဲ့ အိမ်ပိုင်ရှင်တွေရဲ့ အမည်တွေ မသိရသေးဘူးလို့ ဒေသခံတဦးက ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့တို့ဟာ ဘန့်ဘွေးရွာမကျေးရွာအတွင်း တပ်စွဲနေထိုင်လာခဲ့တာ အချိန် ၂ လဝန်းကျင်ရှိပြီဖြစ်ပြီး အနီးနားရှိကျေးရွာတွေကိုလည်း ဝင်ရောက် မွှေနှောက်ဖျက်ဆီး မီးရှို့နေတာကြောင့် ကျေးရွာ ၄ ရွာလောက်က ဒေသခံပြည်သူတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေး နေကြရပြီး အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေကြရတယ်လို့ သိရပါတယ်။
ကလေးမြို့နယ်၊ နတ်ချောင်းကျေးရွာက နေအိမ်တွေကိုလည်း ဧပြီ ၁၁ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဧပြီ ၁၀ ရက် ညနေပိုင်းကလည်း ချောင်းခွကျေးရွာကို ဝင်ရောက်လာတဲ့ စစ်ကောင်စီ တပ်သားတွေဟာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
ဒေသခံတဦးက “အခုတော့ ပြေးနေရတယ်။ ရွာနဲ့မနီးမဝေး သူတို့နဲ့လွတ်မယ့်နေရာပေါ့။ ရွာကို မီးရှို့နေတာတော့ မြင်နေရတယ်။ အိမ်ခြေဘယ်လောက် ရှို့ခံရလဲဆိုတာတော့ မမြင်ရတဲ့အတွက် အသေအချာ မပြောနိုင်ဘူး။ မီးခိုးတွေ မြင်ရပုံအရ ဆိုရင်များနိုင်တယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ကလေးနယ်တောင်ပိုင်းက ရွာတွေကို ထိုးစစ်ဆင်နေပြီး ပြည်သူလူထုရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးကာ ဒေသခံတွေကိုလည်း ဖမ်းဆီးသတ်ဖြတ်နေတယ်လို့ ဆိုပါတယ်။
လတ်တလောမှာ ကလေး-ဂန့်ဂေါလမ်းပိုင်းမှာ စစ်ကောင်စီတပ်သားတွေနဲ့ ကလေး PDF တပ်ဖွဲ့ဝင်တွေကြား တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ရေး တင်းမာနေတာကြာင့် ဒေသခံတွေအနေနဲ့ ခရီးသွားလာတာ မလုပ်ဖို့ကိုလည်း ကလေး PDF က သတိပေးထုတ်ပြန်ထားပါတယ်။