မကွေးမြို့မှာ ဧပြီလ ၁၀ ရက်နေ့ညက လူငယ်တစ်ယောက်ကို စစ်ကောင်စီက သေနတ်နဲ့ပစ်သတ်ခဲ့ပြီး ကမ်းနားလမ်းမှာရှိတဲ့ သင်္ကြန်မဏ္ဍပ် ဗုံးခွဲတိုက်ခိုက်ခံရတယ်လို့ မကွေးတိုင်းဒေသကြီးတပ်တော် MDA က ဧပြီလ ၁၁ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
မကွေးမြို့ အဝေယာလမ်းထောင့်မှာ မနေ့က ည ၈ နာရီလောက်က လူငယ်တစ်ယောက်နဲ့ မိန်းကလေး ၂ ယောက် ဆိုင်ကယ်အတူ စီးလာတာကို စစ်ကောင်စီတပ်တွေက စစ်ဆေးကာ ဆိုင်ကယ်မောင်းလာတဲ့ လူငယ်ကို သေနတ်နဲ့ပစ်သတ်ပြီး ရင်ခွဲရုံကို ပို့လိုက်ကြတယ်လို့ MDA/MDPDF ရဲ့တာဝန်ခံ ဗိုလ်ဘွဲ့မခံက ဒီဗွီဘီကို ပြောပါတယ်။
ဖမ်းဆီးပစ်သတ်ခံရတဲ့ လူငယ်တွေဟာ မင်းဘူးမြို့ဖြစ်နိုင်ပြီး ကောင်မလေး ၂ ယောက်ကို စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေက ဖမ်းဆီးဆောင်သွားကာ သတင်းမပေါက်ကြားအောင် ဖုံးဖိထားကြတယ်လို့ ဆိုပါတယ်။
မတရားဖမ်းဆီးသွားတဲ့ အပြစ်မဲ့ မိန်းကလေး ၂ ယောက်ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့နဲ့ စစ်ဆေးရင်း ပစ်သတ်လိုက်လို့ အသက်ဆုံရှုံးခဲ့ရတဲ့ လူငယ်အတွက် လက်တုံ့ပြန်သွားမယ်လို့ ပြောပါတယ်။
မကွေးမြို့ကမ်းနားလမ်းမှာရှိတဲ့ စစ်ကောင်စီရဲ့ စည်ပင် ရေကစားမဏ္ဍပ်ကို မနေ့က ည ၈ နာရီခွဲလောက်မှာ MDA က ဗုံးခွဲ သတိပေးခဲ့ပြီး ပြည်သူတွေအနေနဲ့ မိမိအသက်ကို တန်ဖိုးထားရင် စစ်ကောင်စီရဲ့ သင်္ကြန်ရေကစားမဏ္ဍပ်ကို မသွားရောက်ကြဖို့ တားမြစ်ထားပါတယ်။
ပြည်သူလူထုအနေနဲ့ အခုနှစ် စစ်ကောင်စီက ကျင်းပမယ့် သင်္ကြန်ရေကစာေမဏ္ဍပ်တွေကို မသွားရောက်ကြဖို့ သပိတ်ကော်မတီတွေနဲ့ တော်လှန်ရေးအင်အားစု အသီးသီးက ကြေညာချက်တွေ ထုတ်ပြန်ပြီး တားမြစ်ထားသလို့ ဗုံးခွသတိပေးတာတွေလည်း ပြုလုပ်ထားတယ်လို့ သိရပါတယ်။