လေးကေ့ကော်မြို့သစ်တိုက်ပွဲမှာ စစ်ကောင်စီတပ်က ၄၀ လောက် သေဆုံးပြီး ဗိုလ်ကြီးတင်လင်းခိုင်ကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် လေးကေ့ကော်မြို့သစ်မှာ ဒီနေ့မနက်အစောပိုင်း စစ်ကောင်စီတပ်က ကင်းလှည့်လာစဉ် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တို့နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။
လေးကေကော်မြို့သစ်တိုက်ပွဲမှာ ဗိုလ်ကြီး တင်လင်းခိုင်နဲ့အတူ MA3 ၅ လက်၊ MA2 ၁ လက်၊ MA sniper ၁ လက်၊ RPG.7 ၁ လက်၊ MA ကျည်ဘောက် ၉ ခုတို့ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ မြေပြင်သတင်းပေးပို့ချက်အရ သိရကြောင်း NUG ပြန်ကြားရေး PVTV က ထုတ်ပြန်ထားပါတယ်။
ကရင်အမျိုးသားအစည်းအရုံး၊ ဗဟိုကော်မတီဝင် ပဒိုစောသမိန်ထွန်းက “လေးကေ့ကော်ကို ဒီကနေ့ မနက် ၃ နာရီကတည်းကစတာ အခုထက်ထိ မပြီးသေးဘူး။ ပစ်နေတုန်း။ လေယာဉ်နဲ့ ၅ ခေါက် ၆ ခေါက်လောက်ရှိပြီ။ ဂျက်တွေလာတာများတယ်။ ဗုံးချတာ အလုံးကြီးတွေချတာ မြေကြီးတွေတုန်ပြီး ကျင်းကြီးတွေဖြစ်တယ်”လို့ ဆိုပါတယ်။
စစ်ကောင်စီ လေတပ်က MiG -29 တိုက်လေယာဉ် ၂ စီးနဲ့ တိုက်ပွဲ ဖြစ်ပွားနေတဲ့ နေရာကို အကြိမ်ကြိမ် ဝဲပျံပစ်ခတ်ကာ ဗုံးကြဲတိုက်ခိုက်တာဖြစ်ပြီး တိုက်ပွဲအတွင်း တော်လှန်ရေး စစ်သည် ၂ ဦး ပြည်သူ့လွတ်မြောက်ရေးအတွက် အသက်ပေးလှူခဲ့ပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
လေးကေ့ကော်တိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုအခြေအနေနဲ့ပတ်သက်ပြီး ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။
KNU တပ်မဟာ ၆ ထိန်းချုပ်နယ်မြေအတွင်း စစ်ကောင်စီတပ်တွေက နယ်မြေကျော် စစ်ရေးလှုပ်ရှားမှုတွေကြောင့် KNLA ပူးပေါင်းတပ်တွေနဲ့ နေ့စဉ် တိုက်ပွဲတွေ ဖြစ်ပွားနေသလို စစ်စခန်းတွေကို ကေအန်အယ်လ်အေ ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပါတယ်။
အခုလိုဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် လေးကေ့ကော်ဒေသတွင်း ကျေးရွာ ၁၀ ရွာက ဒေသခံ ပြည်သူ ၅,၀၀၀ ကျော်လောက်ဟာ နေအိမ်စွန့်ခွာပြီး မြန်မာ-ထိုင်းနယ်စပ် သောင်းရင်မြစ်တလျှောက်မှာ ဒီကနေ့အထိ စစ်ဘေးရှောင် ခိုလှုံနေရပါတယ်။