ချင်းပြည်နယ်၊ မတူပီမြို့နယ်မှာ မတ်လ ၃၀ ရက်ကနေ ဧပြီလ ၇ ရက်အထိ တိုက်ပွဲတွေအတွင် စစ်ကောင်စီဘက်က အယောက် ၃၀ ထက်မနည်းသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ CDF-မတူပီရဲ့ ပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။
မကွေးတိုင်း ကျောက်ထုမြို့ကနေ မတူပီမြို့ဘက်ကို အင်အားဖြည့်ဖို့တက်လာတဲ့ စစ်ကောင်စီယာဥ်တန်းနဲ့ မတူပီအခြေစိုက်တပ်ရင်းကနေ သွားကြိုတဲ့ စစ်ကောင်စီတပ်သားတွေကို CDF မတူပီက ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီတိုက်ပွဲ အတွင်းမှာ CDF-မတူပီက ရဲဘော် ၂ ယောက်လည်း တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်ပေးလှူသွားခဲ့ရတယ်လို့လည်း CDF-မတူပီ တာဝန်ရှိသူကပြောပါတယ်။
စစ်အင်အားလာဖြည့်တဲ့ စစ်ကား အစီး ၈၀ ကျော်ဟာလည်း ဧပြီ ၇ ရက် ညနေ ၄ နာရီလောက်မှာ မတူပီမြို့ထဲကိုရောက်ရှိလာတယ်လို့ ဆိုပါတယ်။
အဲဒီစစ်ကြောင်းက စစ်ကောင်စီတပ်သားတွေဟာ မင်းတပ်-မတူပီကားလမ်း ရမ်တိန်းကျေးရွာက ပြည်သူတွေရဲ့ နေအိမ်တွေနဲ့ ချန်းပြန်းကျေးရွာပတ်ဝန်းကျင်မှာ မီးရှို့ဖျက်ဆီးကာ ပြည်သူတွေပိုင်တဲ့ နွားနောက် ၈ ကောင်ကို သတ်ဖြတ်စားသောက်သွားကြတယ်လို့ ပြောပါတယ်။
နှစ်ဖက်တိုက်ပွဲတွေနဲ့ ပတ်သက်လို့တော့ ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာမတွေ့ရသေးပါဘူး။