စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်ရှိ စစ်ကောင်စီစခန်းနှစ်ခုကို ကလေး PDF က ဧပြီ ၈ ရက် ညနေ ၅ နာရီခွဲလောက် ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ စစ်ကောင်စီဘက်က ၂ ဦး သေဆုံးတယ်လို့ ကလေး PDF က ထုတ်ပြန်ပါတယ်။
တာဟန်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမကြီးနဲ့ ဝယ်စလီဆေးရုံလမ်းထောင့်နဲ့ ဗိုလ်ချုပ်လမ်းမကြီးနဲ့ နေကြာတိုက်လမ်းထောင့်တွေမှာရှိတဲ့ စစ်ကောင်စီကင်းစခန်း ၂ ခုကို အလစ်အငိုက် ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် တာဟန်းရပ်ကွက် ကမ္ဘောဇဘဏ်ခွဲ ၂ အရှေ့ရှိ တံတားပေါ်မှာလည်း စစ်ကောင်စီ စစ်ကား ၁ စီးကို ကလေး PDF က ကြိုတင်ထောင်ထားတဲ့ မိုင်း ၆ လုံးနဲ့ ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး အကျအဆုံးများနိုင်တယ်လို့ ဆိုပါတယ်။
ကလေးမြို့နယ်မှာ ဧပြီ ၇ ရက်ကလည်း စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အကျဆုံးများခဲ့ပြီးနောက် ရမ်းပစ်ခတ်တာကြောင့် သုံးဘီးဆိုင်ကယ်မောင်းသူ အမျိုးသား ၁ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကလေးမြို့၊ အင်ဒိုင်းကုန်းရပ်ကွက်မှာလည်း ဧပြီ ၉ ရက် ဒီ မနက် ၁၀ နာရီလောက်ကစပြီး စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။
ကလေး PDF ခေါင်းဆောင်တစ်ဦးက “အသေးစားလို့ပဲ ပြောရမယ်ဗျ။ ဘာလို့လဲဆိုတော့ စစ်ကောင်စီဘက်လည်း ထိခိုက်တာ မဖြစ်လောက်ဘူး။ ကျနော်တို့ဘက်ကလည်း ထိခိုက်တာမ ရှိခဲ့ဘူး။ အခုလည်း အဲဒီကောင်တွေဆီကနေ ပစ်ပြီး ပြန်လာခဲ့တာ”လို့ ပြောပါတယ်။
အခုလို ကလေးမြို့ပေါ်မှာ ပစ်ခတ်တာတွေဖြစ်ပွားခဲ့ပြီး ခဏအကြာမှာ စစ်ကောင်စီတပ်က တောင်ဖီလာတောင်ကနေ လက်နက်ကြီးနဲ့ ကလေးမြို့ပေါ်ရပ်ကွက်ထဲကို ၂ ကြိမ်ပစ်ခတ်ခဲ့ပါတယ်။
အဲဒီလို ပစ်ခတ်ခဲ့တာကြောင့် ဒေသခံတွေရဲ့ နေအိမ်တချို့ ပျက်စီးနိုင်သလို လူတွေလည်း ထိခိုက်နိုင်ပါတယ်။
ပြစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီက တင်းကျပ် စစ်ဆေးနေတာကြောင့် ဒေသခံတွေ သွားမကြည့်ရဲဘဲ မိမိနေအိမ်မှာဘဲ တံခါးပိတ်နေထိုင်နေကြရတယ်လို ဒေသခံတွေကပြောပါတယ်။
စစ်ကိုင်းတိုင်း အရာတော်မြို့နယ် ရှောက်ခါးကျေးရွာမှာတော့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး နေအိမ်တွေ မီးရှို့သွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက လိုက်လံရှာဖွေတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၇ ဦးသေဆုံးပြီး ၁၅ ဦးဒဏ်ရာရရှိသွားတယ်လို့ SNAKE EYE PDF ကနေ သိရပါတယ်။
အင်အား ၈၀ လောက်ရှိတဲ့ စစ်ကောင်စီတပ်ဟာ ဧပြီ ၈ ရက် မနက်က အရာတော်မြို့နယ် ရှောက်ခါးရွာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဝင်ရောက်လာတာကြောင့် နေအိမ်ပေါ် လက်နက်ကြီး ကျရောက်ခဲ့ပြီး ပြည်သူ ၁ ဦး သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်က ကျေးရွာအတွင်း မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် ၃၀ ကျော် ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။
ပြည်သူ့အိုးအိမ်တွေကို မီးရှို့သွားတဲ့ စစ်ကောင်စီတပ်ကို ရွာသာရွာနဲ့ ဘောင်းကျရွာတို့အထိ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက လိုက်လံတိုက်ခိုက်ခဲ့တာကြောင့် ဝရုန်းသုန်းကား ဆုတ်ခွာသွားကြရတယ်လို့ Snake eye PDF သတင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်း ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တွေအားလုံး အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာလာနိုင်ခဲ့တယ်လို့ သိရပါတယ်။
အနယ်နယ်အရပ်ရပ်မှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ ပေါင်းစည်းကာ စစ်ကောင်စီကို နယ်စည်းမခြားပဲ ဆထက်တိုးပြီး တော်လှန်သွားမယ်လို့ SNAKE EYES PDF က ထုတ်ပြန်ထားပါတယ်။
အလားတူ မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ပျဉ်းဝင်းချောင်းမအနီးမှာ လည်း ဧပြီ ၈ ရက် နေ့လယ် ၂ နာရီလောက်က စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲပေါင်းစုံ တိုက်ပွဲဖြစ်ပွားလို့ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၈ ဦးသေဆုံးပြီး ပြည်သူ့ ကာကွယ်ရေးတပ်ဘက်က ၁ ဦး သေဆုံးကာ ၂ ဦးဒဏ်ရာရ ခဲ့ပါတယ်။
မြန်မာတော်ဝင်နဂါးတပ်တော် ခေါင်းဆောင် ဗိုလ်နဂါးက “ ပထမက ကျနော်တို့ သူတို့လာတဲ့လမ်းကြောင်းကနေ စောင့်နေတယ်။ ဒီကောင်တွေ စစ်ဝတ်အင်္ကျီနဲ့ မဟုတ်ဘဲ PDF အသွင်နဲ့ဝင်လာတယ်။ အဲဒါ ကျနော်တို့က ကိုယ့်မဟာမိတ်တွေဆိုပြီး ကြည့်နေရာကနေ ဒီကောင်တွေက စပြီးပစ်မှ စစ်ကောင်စီတွေဆိုတာသိရတယ်။ တိုက်ပွဲကတော့ အနီးကပ်တိုက်ပွဲလို့ တောင်ပြောလိုရတယ်ဗျ”လို့ ပြောပါတယ်။
အဲဒီတိုက်ပွဲမှာ မြိုင်မြို့နယ်ဒေသခံပြည်သူကာကွယ်ရေးအဖွဲ့ပေါင်းစုံ၊ PRA၊ မြန်မာတော်ဝင်နဂါးတပ်တော်နဲ့ တခြားမဟာမိတ်အဖွဲ့တွေ ပူးပေါင်း တိုက်ခိုက်ခဲ့တာလို့လည်း ပြောပါတယ်။
အဆိုပါ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီတပ်တွေ ထိခိုက်သေဆုံးတာနဲ့ ပတ်သက်ပြီး အရေအတွက် အတိအကျကို သီးခြားအတည်မပြုနိုင်သေးပါဘူး။