ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်၊ နောင်အန်ရွာအနီးမှာ ပန်းဆေးပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေ စီးနင်းလာတဲ့ ကား ၁ စီးကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ဧပြီ ၇ ရက်မနက်က ပစ်ခတ်တိုက်ခိုက်ရာ ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၃ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ဒေသခံတဦးက “နောင်အန်ရွာက ပန်းဆေးရွာကိုသွားတဲ့ လမ်းနံဘေးမှာရှိတယ်။ ပန်းဆေးပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေ အမြဲသွားနေကြ၊ အဲဒီနေရာမှာ နှစ်စဉ်နှစ်တိုင်း တစ်ခါ နှစ်ခါတော့ ထိတွေ့မှုဖြစ်တတ်တယ်” လို့ ပြောပါတယ်။
စစ်ကောင်စီလက်အောက်ခံ ပန်းဆေးပြည်သူ့စစ်တပ်ဖွဲ့နဲ့ TNLA တပ်တို့အကြား ၂၀၁၂ ခုနှစ်ကတည်းက စတင်လို့ ဘိန်းစိုက်ပျိုးမှုနဲ့ နယ်မြေစိုးမိုးရေးကို အကြောင်းပြုကာ မကြာခဏဆိုသလို တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာ ၁၀ နှစ်ဝန်းကျင် ရှိနေပြီ ဖြစ်ပါတယ်။
အခုဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုအတွင်း TNLA ဘက်က ထိခိုက်ဒဏ်ရာရသူမရှိဘဲ ပန်းဆေးပြည်သူ့စစ်တပ်ဖွဲ့ရဲ့ ရိုင်ဖယ်သေနတ် ၅ လက်၊ စက်လက် ၁ လက်၊ RPG 7 ၁ လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။