မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ ဧပြီ ၆ ရက် ညနေပိုင်းက စစ်ကောင်စီရဲ့ လက်နက်ခဲယမ်း ကုန်ကြမ်းတင်တွဲကား ၂ စီးနဲ့ စစ်ကောင်စီဗိုလ်ကြီးတစ်ယောက်အပါအဝင် ၇ ယောက် ဖမ်းမိခဲ့တယ်လို့ ပေါက်မြို့နယ်တောင်ပိုင်းပြောက်ကျားတပ်ဖွဲ့ SPGF ကနေ သိရပါတယ်။
ပေါက်-ဆိပ်ဖြူလမ်းပိုင်းမှာ ဧပြီ ၆ ရက် ညနေ ၆ နာရီခွဲလောက်မှာ ဒေသကာကွယ်ရေး ညီနောင်မဟာမိတ်တပ်ဖွဲ့တွေပူးပေါင်းပြီး စစ်ကောင်စီရဲ့ ကပစ ကား ၃ စီးကို တိုက်ခိုက်ရာ စစ်ကောင်စီဘက်က ဗိုလ်ကြီးတစ်ဦးအပါအဝင် ၇ ယောက်ကို အရှင်ဖမ်းမိခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ SPGF ခေါင်းဆောင် ဗိုလ်စွန်ရဲက ဒီဗွီဘီကို ပြောပါတယ်။
“စစ်ကောင်စီတပ်ဖွဲ့တွေဆီက MA1 သေနတ် ၇ လက်၊ ၁၂၀ မမ ၊ ၆၀ မမတို့ အထဲက အဆံမပါတဲ့ဟာတချို့ရရှိတယ်။ လက်နက်ထုတ်လုပ်ရာမှာအသုံးပြုတဲ့ ကုန်ကြမ်းတချို့နဲ့ တွဲကား ၂ စီး သိမ်းဆည်းနိုင်ခဲ့တယ်။ ကားတစ်စီးကတော့ ဘယ်လိုမှ မောင်းလို့မရလို့ လမ်းပေါ်မှာ ဒီအတိုင်း ထားခဲ့ရတယ်။ အဲဒီတိုက်ပွဲ စစ်ကောင်စီဘက်က ၆၀ မမတွေနဲ့ ပစ်ခတ်လို့ ကျနောာ်တို့ဘက်က ရဲဘော် ၃ ယောက် ရှပ်ထိပြီး ဒဏ်ရာရရှိထားကာ အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူး။”
တပ်ကုန်းရွာနဲ့ ပင်ထောင်ရွာနားမှာလည်း ဒေသကာကွယ်ရေးညီနောင်မဟာမိတ် ၄ ဖွဲ့လောက်နဲ့ စစ်ကောင်စီတပ်တွေ ဒီနေ့ တနေကုန်တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၃ ယောက်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဘက်က တွဲကား ၂ စီးနဲ့ ဖမ်းဆီးရမိသူတွေကိုတော့ PDF နယ်ထဲကို ပို့ဆောင်ထားပြီး နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေသေးလို့ ဘယ်လို့ စီမံမယ်ဆိုတာကိုတော့ မဆုံးဖြတ်ရသေးဘူးလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်တွေဟာ ဒီကနေ့မနက်ပိုင်းမှာ ရေကျော်ရွာကို မီးရှို့ဖျက်ဆီးပြီး ရဟတ်ယာဥ်တစီးနဲ့ လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ ကျွန်းရင်းရွာက အသက် ၆၅ နှစ်အရွယ် အမျိုးသားတယောက် သေဆုံးပြီး ၂ ယောက်အပြင်းထန်ဒဏ်ရာရရှိက နေအိမ်တွေ လက်နက်ကြီးထိမှန်ပျက်စီးခဲ့တယ်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။
တိုက်ပွဲတွေကြောင့် ကျေးရွာ ၃ ရွာ အိမ်ခြေ ၇၀၀ ကျော်လောက်က ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာနေရာတွေမှာ ထွက်ပြေးတိမ်းရှောင် ပုန်းအောင်းနေကြရတယ်လို့ ဆိုပါတယ်။
တိုက်ပွဲမှာ ထိခိုက်သေဆုံးတဲ့ အခြေအနေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။