Home
ဆောင်းပါး
မင်းအောင်လှိုင်အတွက် သက်ဆိုးရှည်ဆေးလား
DVB
·
April 6, 2022
Article-1 copy

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်၊ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး မစ္စတာပရတ်ဆွန်ခွန်းရဲ့ ၃ ရက်ကြာ မြန်မာခရီးစဉ်မှာ စကားကြီးနှစ်ခွန်း ပြန်ပါလာခဲ့တယ်။ ပထမစကားကြီးတစ်ခွန်းက မြန်မာစစ်တပ်အနေနဲ့ စစ်ဆင်ရေးတွေ ဆောင်ရွက်တဲ့နေရာမှာ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ဖို့ လက်ယဉ်လွန်းလှတဲ့ မင်းအောင်လှိုင်ကို မေတ္တာရပ်ခံခဲ့ခြင်းနဲ့ ဒုတိယစကားကြီးတစ်ခွန်းက လူသားချင်းစာနာမှုအကူအညီပေးရေးကိစ္စ အဆိုပြုချက် ဖြစ်ပါတယ်။

ပရတ်ဆွန်ခွန်းက မင်းအောင်လှိုင်ရဲ့ သွေးရဲရဲသံရဲရဲနဲ့ မိုက်တိမိုက်ကန်း လမ်းသရဲ စရိုက်လက္ခဏာ ရှိမှုကို ကောင်းကောင်းသိရှိထားတဲ့ပုံ။ ဒါ့ကြောင့် အာဆီယံမူ ၅ ရပ်ထဲက အရေးကြီးဆုံးတချက် ဖြစ်တဲ့ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့ ဆိုတာကို လုံးဝမဆို။ စစ်ဆင်ရေးတွေ မလုပ်နဲ့လို့လည်း မပြော၊ လုပ်တော့လုပ်၊ ထိန်းထိန်းသိမ်းသိမ်းလုပ်။ ဒါကို နောက်တမျိုး ထပ်ပြောရရင် ကိုယ့်ပြည်သူကို သတ်တန်သလောက်တော့ သတ်၊ မြန်မာတင်ကျော်ရုံတင်မက ကမ္ဘာပါကျော်သွားခဲ့တဲ့ ဖရူဆိုလို အစုလိုက်အပြုံလိုက် လူသတ်တဲ့အထိတော့ မသတ်ပါနဲ့လို့ ဆိုလိုလိုက်ပုံလား။

မင်းအောင်လှိုင်ကတော့ ရှင်းတယ်။ အာဆီယံခေါင်းဆောင်တွေ အားလုံးရှေ့မှာ အာဆီယံမူ ၅ ရပ်ကို လိုက်နာပါ့မယ်လို့ ခံဝန်ပြုပြီးနောက် အားနာပါးနာအဆင့်တောင် လိုက်နာပြချင်ယောင်ဆောင်ခြင်း မရှိခဲ့ရုံတင်မက ဘယ်ကမ္ဘာက ဘာပြောပြော အဖက်လုပ်ခဲ့သူ မဟုတ်လေတော့ ပရတ်ဆွန်ခွန်းလောက်တော့ သနားတယ်ဆိုတာမျိုး။

အားလုံး မျက်မြင်ပါပဲ။ သတ်စရာရှိတာ ဆက်သတ်၊ ဖမ်းစရာရှိတာ မနားတမ်းဖမ်း၊ ပြည်သူတွေ အိုးအိမ် စွန့်ခွာရ၊ နေအိမ်တွေ ဖောက်ထွင်းခံရ၊ ပိုင်ဆိုင်မှုတွေ လုယက်ခံရ၊ နှစ်များစွာကြာ ချွေးတွေနဲ့ တည်ထားတဲ့ နေအိမ်တွေ ပြာပုံဘဝရောက်ရ။

လတ်တလော မြင်သာထင်သာရှိတာကို ပြရရင် မကွေးတိုင်း၊ ရေစကြိုမြို့နယ်ထဲက ရေလယ်ကျွန်းဒေသ၊ မင်းအောင်လှိုင် တပ်တွေက ဧပြီ ၂ ရက်နေ့စပြီး ရေလယ်ကျွန်းကို ထိုးစစ်ဆင်တယ်။ ဧပြီ ၃ ရက်ကုန်တော့ စစ်ရှောင်ပြည်သူ နှစ်သောင်းကျော် ရှိနေတဲ့အပြင် ပြည်သူတို့ရဲ့ အိမ်တွေ မီးရှို့ခံရတာ ရာဂဏန်းရှိနေပြီလို့ YSO News & Information က ခန့်မှန်းခဲ့တယ်။ ပြောရရင် ၂ ရက်တာအတွင်း ခန့်မှန်းစာရင်းက အဲဒီလောက် ကြောက်ဖို့ကောင်းခဲ့ပါ တယ်။

ဒီနေရာမှာ မဖြစ်မနေ ထပ်ရှင်းပြဖို့လိုတာ စစ်ရှောင်ပြည်သူ ဆိုတာကိုပါ။ မင်းအောင်လှိုင် အာဏာသိမ်းပြီးနောက်မှာ မြန်မာနိုင်ငံမှာ စစ်ရှောင် နှစ်မျိုး ရှိလာပါတယ်။ ပထမတစ်မျိုးက နှစ်ဘက် တိုက်ပွဲတွေကြောင့် စစ်ကို ရှောင်ပြေးကြရတဲ့ ပြည်သူတွေပါ။ ဥပမာ- ကရင်ပြည်နယ်ထဲက လေးကေ့ကော်ဒေသလိုမျိုး၊ ကယားပြည်နယ်ထဲက မိုးဗြဲမြို့နယ်လိုမျိုး။

ဘာကြောင့် အဲဒီဒေသက ပြည်သူတွေ စစ်ရှောင်ထွက်ပြေးရတာလဲ ဆိုတော့ နှစ်ဘက် တိုက်ပွဲဖြစ်တာကြောင့်ထက် ဒေသခံပြည်သူတွေရဲ့ အိုးအိမ်တွေကိုလည်း မရှောင်၊ မင်းအောင်လှိုင် စစ်တပ်က ထိုးစစ်ဆင်တာကြောင့်ပါ။ ဒါကို ထပ်ပြောရမယ်ဆို မြို့တွေ၊ ရွာတွေ တည့်တည့် မင်းအောင်လှိုင်တပ်ရဲ့ တဖက်သတ် ထိုးစစ်ဆင်တာကြောင့် အိမ်မှာနေရင် လက်နက်ကြီးကျည် ကျလာနိုင်သလို ဘယ်အပေါက်က ရောက်လာမယ်မှန်းမသိတဲ့ ကျည်ဆန်တွေကြောင့် ဝေးရာကို တိမ်းရှောင်ကြရခြင်း ဖြစ်ပါတယ်။

နောက်တမျိုး စစ်ရှောင်ပြည်သူတွေကတော့ အခု ရေစကြို၊ ရေလယ်ကျွန်း ပြည်သူတွေလို စစ်ကိုင်းတိုင်းရဲ့ မြို့နယ်တိုင်းလိုလိုက ပြည်သူတွေလို မင်းအောင်လှိုင်တပ်တွေ ရွာတွေထဲ ဝင်စီးလို့ ထွက်ပြေးရတဲ့ စစ်ရှောင်တွေပါ။

ဘာကြောင့် ရွာတွေထဲ မင်းအောင်လှိုင်တပ်တွေ ဝင်စီးသလဲဆိုတဲ့ မေးခွန်းကတော့ အဖြေမရှိပါဘူး။ ဘာကြောင့် ဝင်စီးရသလဲဆိုတာကိုလည်း ဘယ်စစ်သားကမှ ဘယ်သူ့ကိုမှ အကြောင်းပြချက် ရှည်ရှည်ဝေးဝေး အစီရင်ခံနေစရာ မလိုပါဘူး။ PDF တွေနဲ့ပတ်သက်နေတဲ့ ရွာလို့ ပြောလိုက်ရုံနဲ့ ဘယ်ပြည်သူကိုမဆို လွတ်လပ်စွာ သတ်ဖြတ်ခွင့်ရပြီဖြစ်သလို ဘယ်ရွာကိုမဆို ဝင်ရောက်လုယက်ခွင့်နဲ့ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခွင့် ရှိတယ်ဆိုတာ မြန်မာပြည်သူတိုင်း နင့်နေအောင် သိခဲ့ပြီးကိစ္စတွေပါ။

ဘဝပေး ဝဋ်ဒုက္ခကြီးမှု အသိတွေအရ အဲဒီဒေသတွေက ပြည်သူတွေဟာ မင်းအောင်လှိုင်တပ်တွေ လာပြီဆိုတာနဲ့ ချက်ချင်းပြေးနိုင်ဖို့ ရှိစုမဲ့စု လက်ဝတ်လက်စား၊ ရှိသမျှ ငွေစကြေးစနဲ့ သယ်ပြေးရလွယ်ပြီး ထိုက်သင့်တန်ဖိုးရှိတဲ့ ပစ္စည်းတွေကို အဆင်သင့် ထုပ်ပိုးထားရတယ်။ ကိုယ့်ရွာဘက် မင်းအောင်လှိုင်တပ်တွေ ဦးတည်လာနေပြီဆိုတာနဲ့ ကိုယ့်ပိုင်ဆိုင်မှုမှန်သမျှကို ကိုယ်နဲ့မဆိုင်သလို စိတ်ဖြတ်ပြီး တောထဲ တောင်ထဲနဲ့ လုံခြုံမယ်လို့ ထင်တဲ့ ရွာတွေဆီ အသက်ကို ပိုက်လို့ ပြေးလွှားကြရတယ်။

စစ်သားတွေ မရှိတော့လို့ ရွာကိုပြန်ရောက်တော့ ကံကောင်းတဲ့ရွာတွေက အိမ်တိုင်းစေ့ ရစရာမရှိအောင် မွှေနှောက်ခံထားရ၊ တန်ဖိုးသင့်တာ လုယက်ခံရပြီး တန်ဖိုးမရှိတာ ရိုက်ခွဲ ဖျက်ဆီးခံထားရတာ တွေ့ရပါတယ်။ ကိုယ်နဲ့ အပါမခေါ်နိုင်တဲ့ နွားတွေ၊ ဝက်တွေ၊ ကြက်တွေကိုလည်း ပြန်တွေ့ရ ကံကောင်းပါပဲ။ ကံဆိုးသူတွေကျတော့ တရွာလုံးကို မီးလောင်ပြင်အဖြစ် ပြန်မြင် ဆို့နင့်ခဲ့ရပါတယ်။

ဘာကြောင့် စစ်သားတွေလာပြီဆိုတာနဲ့ ထွက်ပြေးရတာလဲဆိုတော့ မပြေးရင် ကိုယ့်အသက် ဘယ်သူ အာမခံမလဲလို့ မေးခွန်းထုတ်ရပါမယ်။ မင်းအောင်လှိုင်တပ်နဲ့ တွေ့တဲ့ ဘယ်ပြည်သူမဆိုဟာ ငရဲတမျှ ရိုက်နှက်ညှဉ်းပန်းခံရနိုင်သလို မသေမရှင်အဖြစ်မှာတောင် မီးရှို့ခံရနိုင်တာ ဒေသခံတွေက ဘဝတွေနဲ့ရင်းပြီး သိခဲ့ကြတဲ့ သင်ခန်းစာ ဖြစ်ပါတယ်။

Data for Myanmar ရဲ့ စစ်တမ်းအရ မင်းအောင်လှိုင် အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ ခုနှစ် မတ်လ ၃၁ ရက်အထိ အကြမ်းဖက်စစ်တပ်နဲ့ သူ့လက်အောက်ခံ အဖွဲ့အစည်းတွေ မီးရှို့လို့ ပျက်စီးသွားတဲ့ လူနေအိမ်ပေါင်း ခန့်မှန်း ၇၉၇၃ လုံး ရှိနေပါပြီ။ မပြည့်စုံတဲ့ အချက်အလက်တွေကို ချန်ထားတာဖြစ်လို့ တကယ်မီးရှို့ခံရတဲ့ အရေအတွက်ဟာ ၇၉၇၃ လုံးထက် များမယ်လို့လည်း ဆိုထားပါတယ်။

လအလိုက်ကြည့်မယ်ဆိုရင် ၂၀၂၁ ခုနှစ် မေလမှာ အိမ် ၃ လုံးကို စတင်မီးရှို့ခဲ့တာ တွေ့ရပါတယ်။ မေလကစပြီး ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့လာခဲ့တာ ၂၀၂၁ ခုနှစ်အကုန်စာရင်းချုပ်လိုက်တော့ အိမ် ၂၁၈၆ လုံး မီးရှို့ခံရကြောင်း တွေ့ရပါတယ်။ ၂၀၂၂ ခုနှစ်ရောက်တော့ လက်ရဲဇက်ရဲဖြစ်နေပြီ ဖြစ်တဲ့ အကြမ်းဖက်စစ်တပ်ဟာ အိမ်တွေ မီးရှို့တာကို ပက်ပက်စက်စက် ပြုလုပ်လာတာ တွေ့ရပါတယ်။ မီးရှို့ ဖျက်ဆီးမှု အများဆုံးလက ၂၀၂၂ ဖေဖော်ဝါရီလ ဖြစ်ပြီး အိမ် ၂၈၈၂ လုံးကို ရှို့ခဲ့ပါတယ်။ ပြောရရင် ၂၀၂၁ ခုနှစ် ၈ လတာ မီးရှို့ခဲ့တဲ့ အိမ်အရေအတွက်ထက် ဖေဖော်ဝါရီ တလတည်း မီးရှို့တဲ့အရေအတွက်က ပိုများနေပါတယ်။ ဇန်နဝါရီလ ဆိုရင်လည်း ၁၀၅၉ လုံး၊ အာဆီယံအထူးသံတမန် မြန်မာနိုင်ငံ လာတဲ့ ၂၀၂၂ မတ်လအတွင်း မီးရှို့ခံရမှုဟာ ၁၈၄၆ လုံးရှိတဲ့အတွက် ဒုတိယမီးရှို့ခံရမှုအများဆုံးဖြစ်တာ တွေ့ရပါတယ်။ ပြောရမယ်ဆိုရင် မင်းအောင်လှိုင်တပ်ရဲ့ အဖျက်စွမ်းအားဟာ ၂၀၂၂ ခုနှစ်မှာ ပိုထူးချွန်လာပါတယ်။

စစ်ရှောင်ပြည်သူ အရေအတွက်ကို ကြည့်မယ်ဆိုရင်လည်း ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ မတ်လ ၂၃ ရက်နေ့ ထုတ်ပြန်ချက်အရ တနိုင်ငံလုံးမှာ အာဏာမသိမ်းခင်က လူဦးရေ ၃၇၀,၀၀၀ နဲ့ အာဏာသိမ်းပြီးနောက်ပိုင်း လူဦးရေ ၅၀၂,၆၀၀ အပါအဝင် စုစုပေါင်းလူဦးရေ ၈၈၉,၉၀၀ လောက် စစ်ရှောင်ထွက်ပြေးနေရတယ်လို့ သိရပါတယ်။ ကုလသမဂ္ဂရဲ့ အဲဒီစစ်ရှောင်အရေအတွက်ထဲမှာ စစ်ရှောင်စခန်းမရှိတဲ့ စစ်ကိုင်းတိုင်းထဲက ဖြစ်သလို စစ်ရှောင်နေရတဲ့သူတွေနဲ့ မင်းအောင်လှိုင်တပ်လာရင် ပြေးရပြီး ပြန်သွားရင် ရွာပြန်ကပ်ကြတဲ့ မကြာခဏစစ်ရှောင်နေရတဲ့ ပြည်သူအရေအတွက် မပါဘူးလို့ ထင်မိပါတယ်။

ကုလစာရင်းပေါက် စစ်ရှောင်တွေရော ကုလစာရင်းမှာမပါတဲ့ စစ်ရှောင်တွေပါ အားလုံးရဲ့ စစ်ရှောင်ရခြင်းအကြောင်းဟာ အထက်မှာပြောခဲ့သလို မင်းအောင်လှိုင်တပ်တွေရဲ့ အရပ်သားတွေအပေါ် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မြေလှန်ပစ်ခြင်းနဲ့ ထိုးစစ်တွေကြောင့် စစ်ရှောင်ဘဝ ရောက်ခဲ့ရသူတွေချည်းပါပဲ။

မင်းအောင်လှိုင်က မြေလှန်ပစ်လို့ မင်းအောင်လှိုင်ကြောင့်ဖြစ်ရတဲ့ စစ်ရှောင်တွေကို ကုလ လက်အောက်ခံအဖွဲ့တွေက ကူညီထောက်ပံ့ဖို့ကြိုးစားကြပေမဲ့ မင်းအောင်လှိုင်တပ်တွေက ခွင့်မပြုလို့ နေရာများစွာမှာကူညီခွင့်မရတာ အားလုံး အသိပါပဲ။

အဲဒါကိုပဲ အာဆီယံအထူးသံတမန် ပရတ်ဆွန်ခွန်းက မြန်မာနိုင်ငံကို စာနာမှုဆိုင်ရာ အကူအညီပေး နိုင်ရေးအတွက် သက်ဆိုင်သူတွေ ပါဝင်တဲ့ ညှိနှိုင်းဆွေးနွေးပွဲ မေလထဲမှာ ကျင်းပရေးဆိုပြီး လုပ်လာပြန်ပါတယ်။

ပြည်သူကို ရန်သူလို အတိအလင်း သတ်မှတ် သတ်ဖြတ်နေလို့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်တွေကို မင်းအောင်လှိုင် ခွင့်ပြုချက်နဲ့ အကူအညီပေးနိုင်ဖို့ ပရတ်ဆွန်ခွန်းရဲ့ စိတ်ကူးယဉ်မှုလို့ ဆိုရပါမယ်။ မင်းအောင်လှိုင် အမှတ်တမဲ့ ထွေးထုတ်လိုက်တဲ့ တံတွေးကို ဧရာမအခွင့်အရေးတရပ် ရလိုက်တဲ့ပမာ ဟန်လုပ်ပြတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

ဟုတ်ပြီ၊ ပရတ်ဆွန်ခွန်းရဲ့ စိတ်ကူးယဉ်မှုဖြစ်တဲ့ ‘သက်ဆိုင်သူတွေပါဝင်တဲ့ ညှိနှိုင်းဆွေးနွေးပွဲ’ဆိုတာ ဘယ်သူတွေကို ဆိုလိုတာပါလဲ။ အမှန်တကယ် မြန်မာ့နိုင်ငံရေးမှာ ပါဝင်သင့်ပါဝင်ထိုက်သူတွေ ပါဝင်တဲ့ ဆွေးနွေးပွဲမဟုတ်တောင် စစ်ရှောင်ဒေသတွေက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ဒေသတွင်း PDF တွေပါ၊ ပါဝင်တဲ့ ဆွေးနွေးပွဲလား။ ဒါမှမဟုတ် မင်းအောင်လှိုင်က ပါဝင်သင့်တယ်လို့ သတ်မှတ်တဲ့သူတွေသာ ပါဝင်တဲ့ ဆွေးနွေးပွဲလားဆိုတာ မေးခွန်းထုတ်ရပါမယ်။ ပရတ်ဆွန်ခွန်းရဲ့ မြန်မာနိုင်ငံခရီးစဉ်ဆိုတာကတော့ မင်းအောင်လှိုင်ပေး တွေ့တဲ့လူတွေနဲ့သာ တွေ့ဆုံပြီး ပြန်လာခဲ့တာပါ။

ပြီးတော့ မတ်လ ၂၇ ရက်နေ့မှာ မင်းအောင်လှိုင်က အကြမ်းဖက်အဖွဲ့တွေနဲ့ မဆွေးနွေးဘဲ နှိမ်နင်းသွားမယ်လို့ အတိအလင်း ပြောကြားလိုက်ခြင်းဟာ အာဆီယံမူ ၅ ရပ်ကို လက်မခံနိုင်ကြောင်း ပြောကြားခဲ့ခြင်းပါပဲ။

ဒါပေမဲ့ မင်းအောင်လှိုင် ဘာပြောပြော ပရတ်ဆွန်ခွန်းကတော့ မလျှော့သော ဇွဲလုံ့လနဲ့ စိတ်ကူးယဉ်နေပါတယ်။ ဘယ်လိုတွေတောင် စိတ်ကူးထပ်ယဉ်နေသလဲဆိုတော့ မတ် ၃၁ ရက်နေ့၊ ကုလအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်းဟေဇာနဲ့ တွေ့ဆုံဆွေးနွေးရာမှာ  မြန်မာနိုင်ငံကို စာနာမှုအကူအညီပေးနိုင်ရေး သက်ဆိုင်သူတွေ ပါဝင်တဲ့ ညှိနှိုင်းဆွေးနွေးပွဲ မေလထဲ ကျင်းပရေး၊  ကမ္ဘောဒီးယား ဝန်ကြီး ချုပ် ဟွန်ဆန်နဲ့ မင်းအောင်လှိုင်တို့ Video ကတဆင့် တွေ့ဆုံ ဆွေးနွေးရေးနဲ့ သူ့အနေနဲ့ အာဆီယံအထူးသံအဖြစ် မြန်မာနိုင်ငံကို ဒုတိယအကြိမ် သွားရောက်ရေးဆိုပြီး ရှေ့လုပ်ငန်းစဉ် ၃ ရပ်ကို ချပြတဲ့အထိအောင်ပါပဲ။

ပရတ်ဆွန်ခွန်းရဲ့ စိတ်ကူးယဉ်မှုဟာ လက်တွေ့အခြေအနေနဲ့ မိုးနဲ့မြေ ကွာဟနေတယ်ဆိုတာ အာဆီယံမူ ၅ ရပ် စတင်ခဲ့တဲ့ ၂၀၂၁ ဧပြီကနေ ဒီနေ့အထိ မင်းအောင်လှိုင်ရဲ့ လုပ်ရပ်နဲ့ သူ သတ်ဖြတ်ခဲ့တဲ့ ပြည်သူအရေအတွက်က သက်သေခံပြီး ဖြစ်သလို မြန်မာ့အရေးကို စိတ်ဝင်စားသူတိုင်း သိရှိပြီး ဖြစ်ပါတယ်။

ဒါကိုပဲ ပရတ်ဆွန်ခွန်းက မသိချင်ယောင်ဆောင်နေတာလား။ ပရတ်ဆွန်ခွန်းရဲ့ စိတ်ကူးယဉ်မှုဟာ စိတ်ကူးယဉ်ချင်ယောင်ဆောင်ပြီး တကယ် အလုပ်မဖြစ်နိုင်မှန်းသိလျက်နဲ့ မင်းအောင်လှိုင် သက်ဆိုးရှည်ရေးအတွက် ပံ့ပိုးပေးနေတာများလားလို့ မေးခွန်းထုတ်ရပါတော့မယ်။ 

အာဆီယံကို သံသယကြီးခြင်းဟာ နွေဦးတော်လှန်ရေးရဲ့ ရှေ့ခရီးအတွက် အမှန်နဲ့ ပိုနီးတဲ့လမ်း ဖြစ်မှာလားလို့လည်း ကျနော်တို့ ဆက်တွေးထားရပါမယ်။

ထွန်းလင်း       

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024