အကြမ်းဖက်စစ်အုပ်စုက လုပ်ကြံဖန်တီးမယ့် အတုအယောင် “အပျော်သင်္ကြန်”နဲ့ သင်္ကြန်အကြောင်းပြ ပျော်ပွဲရွင်ပွဲ ပွဲလမ်းသဘင်တွေကို လုံးဝ မပူးပေါင်း၊ မပါဝင်ကြဖို့၊ သပိတ်မှောက်ကြဖို့ ပြည်သူတွေအားလုံးကို ဒေါက်တာတေဇာဆန်းက လေးလေးနက်နက် တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။
“ကျနော်တို့ တော်လှန်ရေးအတွင်းမှာ ကျဆုံးခဲ့ကြတဲ့ အာဇာနည်ပုဂ္ဂိုလ်တွေ၊ အဓမ္မ ဖမ်းဆီးခံထားရတဲ့ အကျဉ်းကျ သူရဲကောင်းတွေ၊ အပိုမပါ အစားထိုး ပြန်မရနိုင်တဲ့ ကိုယ့်အသက်ကို အရင်းတည်စတေးကာ တိုင်းပြည်အတွက် တောထဲတောင်ထဲမှာ အငတ်ငတ်အပြတ်အပြတ် တိုက်ပွဲဝင်နေကြတဲ့ PDF, EROs စစ်သည်တော်တွေ၊ အခက်အခဲ အကြပ်အတည်းပေါင်းများစွာကြားက ကြံ့ကြံ့ခံ ရင်ဆိုင်တိုက်ပွဲဝင်နေကြတဲ့ CDM သူရဲကောင်းတွေ၊ သိန်းပေါင်းများစွာသော စစ်ဘေးသင့် စစ်ဘေးရှောင်ပြည်သူတွေကို အသိအမှတ်ပြုခြင်း၊ စာနာခြင်း၊ လေးစားခြင်း၊ ဂုဏ်ပြုခြင်း၊ တန်ဖိုးထားခြင်းအားဖြင့် အကြမ်းဖက်စစ်အုပ်စု လုပ်ကြံဖန်ခ တီးမယ့် အတုအယောင် "အပျော်သင်္ကြန်" နဲ့ သင်္ကြန်အကြောင်းပြ ပျော်ပွဲရွင်ပွဲ ပွဲလမ်းသဘင်တွေကို လုံးဝ (လုံးဝ) မပူးပေါင်း၊ မပါဝင်ကြဖို့၊ သပိတ်မှောက်ကြဖို့ လေးလေးနက်နက် တိုက်တွန်းနှိုးဆော် ချင်ပါတယ်ဗျာ။”
မန္တလေးမြို့က ထင်ရှားတဲ့ သပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းဟာ မန္တလေးဆေးတက္ကသိုလ်က ဆရာဝန်ဘွဲ့ ရရှိခဲ့ပြီးနောက် စာကြည့်တိုက်မှူးနဲ့ NGO ဝန်ထမ်းအဖြစ် လုပ်ကိုင်ခဲ့ကာ ၂၀၁၀ ပြည့်နှစ်မှာ တော့ ချို့တဲ့သူတွေအတွက် အခမဲ့ ကျန်းမာရေးဝန်ဆောင်မှု ထောက်ပံ့ပေးတဲ့ Beautiful Mind Foundation ကို တည်ထောင်ခဲ့ပြီး မန္တလေး ယုံကြည်ရာ အသိပညာပြန့်ပွားရေးအသင်း ဥက္ကဋ္ဌအဖြစ်လည်း ဆောင်ရွက်ခဲ့ပါတယ်။
၂၀၂၁ စစ်အာဏာသိမ်းခံရမှု ဖြစ်ပွားပြီး ရက်မကြာမီမှာပဲ အာဏာသိမ်းမှုကို ပထမဆုံး ဆန့်ကျင်ဆန္ဒပြမှုကို ဦးဆောင်ခဲ့သူဖြစ်ပြီး မန္တလေးမြို့က စတင်တဲ့ အဆိုပါ ပထမဆုံး ဆန္ဒပြမှုပြီး နောက်ပိုင်းမှာတော့ နိုင်ငံတဝန်း ဆန့်ကျင်ဆန္ဒပြမှုတွေ ထပ်ပြီးတော့ ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။
စစ်ကောင်စီကတော့ ဒေါက်တာတေဇာဆန်းကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က) နဲ့ အမှုဖွင့် တရားစွဲဆိုထားပေမယ့် သူကတော့ လက်ရှိအချိန်ထိ ဆက်လက်ပြီး လှုပ်ရှားနေဆဲ ဖြစ်ပါတယ်။
“ကျနော်တို့ နိုင်ငံမှာ လက်ရှိကာလက ဘုံရန်သူ အကြမ်းဖက်အာဏာသိမ်း စစ်အုပ်စုကို တွန်းလှန်တိုက်ပွဲဝင်နေကြတဲ့ ပြည်သူ့တော်လှန်ရေးကာလ ဖြစ်ပါတယ်။ ဒါ့ကြောင့် ပြည်သူများကိုယ်နှိုက်ကလည်း သင်္ကြန် အကြောင်းပြ ပျော်ပွဲရွင်ပွဲ ပွဲလမ်းသဘင်တွေ မကျင်းပ၊ မဆောင်ရွက်ကြဖို့ အထူး တိုက်တွန်းနှိုးဆော်လိုပါတယ်ဗျာ။ ကျနော်တို့လူထုအနေနဲ့ အကြမ်းဖက်အာဏာသိမ်း စစ်အုပ်စုက အဓမ္မ လုပ်ကြံပုံဖော်နေတဲ့ "အပျော် သင်္ကြန်" ကို လုံးဝ လက်မခံ၊ ငြင်းဆန်ပြီး ယခုမြန်မာနှစ်သစ်ကူးကာလကို ပြည်သူ့အသံ စစ်စစ်ဖြစ်တဲ့ တော်လှန်ရေးကာလ၏ "တော်လှန် သင်္ကြန်" အဖြစ် မှတ်ယူ၊ ဖြတ်သန်းကြဖို့ ဖြစ်ပါတယ်။ ပြည်သူလူထုတရပ်လုံးအနေဖြင့် တော်လှန်ရေးကာလနဲ့ လိုက်ဖက်ဆီလျော်ပြီး ပြည်သူ့တော်လှန်ရေးကို အထောက်အပံ့ဖြစ်မယ့် "တော်လှန် သင်္ကြန်" အဖြစ် ယခုမြန်မာနှစ်သစ်ကူးသင်္ကြန်ကို ဆင်နွှဲဖြတ် သန်းကြပါရန် လေးစားစွာ တိုက်တွန်းအပ်ပါတယ် ခင်ဗျား။”
ဒါ့အပြင် ပြည်တွင်း ပြည်ပ တော်လှန်ရေးအင်အားစုတွေကလည်း အကြမ်းဖက် အာဏာသိမ်းစစ်အုပ်စုက သင်္ကြန်ကို ရမယ်ရှာ အကြောင်းပြပြီး တိုင်းပြည် အခြေအနေအရပ်ရပ်က ပုံမှန်ဖြစ်နေသယောင် တော်လှန်ရေးကို မှေးမှိန်သေးသိမ်အောင် လုပ်ကြံဖန်တီး၊ ပုံဖော်ဖို့ လုပ်ဆောင်မယ့်အပေါ် ပြည်သူတွေအားလုံး ညီညီညွတ်ညွတ် မပါဝင်ကြဖို့ “တော်လှန်သင်္ကြန်အဖြစ် ဆက်လက်ပြီးတော့ ဆန့်ကျင်ကြဖို့ ကျယ်ကျယ်ပြန့်ပြန့် တိုက်တွန်းနှိုးဆော်တာတွေလည်း ရှိနေပါတယ်။
လက်ရှိ မြန်မာနိုင်ငံမှာ စစ်အုပ်စုက မတရား အာဏာသိမ်းယူမှုကို ပြည်သူတရပ်လုံးက ဆန့်ကျင် တော်လှန်ခဲ့ကြတဲ့ နွေဦးတော်လှန်ရေး ကာလဟာ တနှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး ကဏ္ဍတွေ အသီးသီးမှာ အဘက်ဘက်က ကျဆင်းနေခဲ့တာပါ။
နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပါတယ်။