စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့၊ မြိုမ ၂ ရပ်ကွက်၊ အောင်မင်္ဂလာရပ်က သစ်တောရုံးအတွင်းမှာ ဧပြီ ၅ ရက်နေ့ မနက် ၆ နာရီလောက် ဗုံးပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
ပေါက်ကွဲမှုကြောင့် ရုံးအဆောက်အဦခေါင်မိုး၊ ခုံတန်းလျားနဲ့ ပြတင်းပေါက်မှန်တွေ ထိခိုက် ပျက်ဆီးခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။
“ပေါက်တာကတော့ ရုံးအတွင်းကပေါက်တာ။ နှစ်ကြိမ်ပေါက်တာ။ မနေ့ညဦးပိုင်းက တကြိမ်နဲ့ ဒီနေ့မနက် အစောပိုင်းတကြိမ်ပေါက်ခဲ့တာ။ ကျနော်တို့ထင်တာက သတင်းလိမ်ချင်လို့ ဒီလိုလုပ်တာဖြစ်နိုင်တယ်။ သူတိုကိုယ်တိုင် ဗုံးထောင်၊ သူတို့ကိုယ်တိုင်ဖောက်ခွဲတာဖြစ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ အဲရုံးဝန်ထမ်းတွေက အရင်ဖမ်းထားတဲ့သစ်တွေကို ခိုးရောင်းစားနေတာကြာပြီ။ အဲလိုခိုးရောင်းစားတဲ့သစ်တွေ မှတ်ထားတဲ့ စာရင်ဇယားတွေ အခုလိုဗုံးကွဲလို့ မှတ်တမ်းတွေ ပျက်စီးသွားပြီဆိုတဲ့ အသုံးနှုန်းရအောင် အခုလိုလုပ်တာဖြစ်နိုင်တယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
အခုလိုပေါက်ကွဲခဲ့တာကြောင့် မော်လိုက်မြို့ပေါ်မှာ စစ်ကောင်စီက စစ်ဆေးတာတွေ လုပ်နေသလို အရပ်ဝတ်တွေနဲ့ ကင်းပုန်းပတ်နေတာတွေလည်းရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ပြည်သူကာကွယ်ရေးတပ်ဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။