စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်အတွင်းက စစ်ဘေးရှောင်တွေအတွက် ဆေးဝါးနဲ့ မိုးကာတွေ အရေးပေါ်လိုအပ်နေတယ်လို့ စစ်ဘေးရှောင်ကူညီကယ်ဆယ်ရေးပရဟိတအဖွဲ့တွေက ပြောပါတယ်။
မင်းကင်းမြို့နယ်အတွင်းက တောင်တွင်းချောင်ဒေသမှာ ဧပြီ ၁ ရက်နေ့ကစတင်ပြီး ဧပြီ ၄ ရက်နေ့အထိ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲ ဖြစ်ပွားနေတာကြောင့် စစ်ဘေးရှောင်ဦးရေ တနေ့တခြား တိုးလာနေတယ်လို့ ဆိုပါတယ်။
စစ်ဘေးရှောင်ကူညီကယ်ဆယ်ရေး ပရဟိတသမားတဦးက “ကျနော်တို့ အရင်လတွေတုန်းက ပန်းဆက်ရွာအနီး ကျေးရွာက စစ်ဘေးရှောင်တွေသာ ရှိခဲ့တာဗျ။ ဒီပြင်ရွာက စစ်ဘေးရှောင်တွေက စခတွေလာရင် ရွာအပြင်ထွက်ပြေးတယ်၊ သူတို့ပြန်သွားရင် ရွာထဲပြန်ဝင်နေလို့ရတယ်ဆိုတော့ အဆင်ပြေသေးတယ်။ အခုဟာက ကျနော်တို့ မင်းကင်းမြို့နယ် တောင်တွင်းချောင်ဒေသမှာ ရက်ရှည်တိုက်ပွဲဖြစ်နေတာဆိုတော့ အတော်လေးဒုက္ခရောက်နေကြရတယ်ဗျ။” လို့ ပြောပါတယ်။
တိုက်ပွဲကြောင့် မင်းကင်းမြို့နယ်အတွင်း စစ်ရှောင်ပြည်သူ ၁ သောင်းကျော်ရှိပြီး ဆေးဝါးနဲ့ အမိုးအကာအကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။
“စစ်ဘေးရှောင်ဦးရေ ဘယ်လောက်ရှိလဲဆိုတော့ တမြို့နယ်လုံးအတိုင်းတာအနေနဲ့ဆို သောင်းဂဏန်းအထက်မှာပဲရှိမယ်။ အရေးပေါ်ဘာတွေ လိုအပ်ချက်တွေရှိနေလဲဆိုတော့ ဆေးဝါးနဲ့ အမိုးအကာလုပ်ဖို့ မိုးကာတွေကတော့ အရေးပေါ်လိုအပ်ချက်တွေရှိနေပါတယ်။ အခုဆိုရင် ကလေးတွေ ဝမ်းပျက်၊ ဝမ်းလျှောတွေ စဖြစ်နေတာတွေ့နေရပြီ” လို့ ပရဟိတသမားက ဒီဗွီဘီကို ပြောပါတယ်။
စစ်ကိုင်းတိုင်းအတွင်း ပြီးခဲ့တဲ့ မတ်လကစတင်ကာ စစ်ကောင်စီက အင်တာနက်တွေ ဖြတ်တောက်ပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်တွေကို အင်အားအလွန်အကျွံသုံး ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲတွေ နေ့စဉ်လိုလို ဖြစ်ပွားနေသလို နေအိမ်တွေ မီးရှို့ဖျက်ဆီးခံနေရတာကြောင့် ပြည်သူ သိန်းနဲ့ချီ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
စစ်ကောင်စီတပ်တွေဟာ ဧပြီ ၃ ရက်နေ့ကလည်း မင်းကင်းမြို့နယ် ထုံးကြီးကျေးရွာကို ဝင်ရောက်မီးရှို့ခဲ့သလို တောထဲပုန်းရှောင်နေတဲ့ စစ်ဘေးရှောင်တဲ ၁၀ လုံးကျော်နဲ့ စပါး၊ ပဲသိုလှောင်ထားတဲ့ အဆောက်အဦတွေကိုပါ မီးရှို့သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခု ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ ခု မတ်လ ၃၁ ရက်နေ့အထိ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေက နိုင်ငံတဝန်း နေရာပေါင်း ၂၂၂ လောက်မှာ နေအိမ်အလုံးပေါင်း ၇၉၇၃ မီးရှို့ဖျက်ဆီးခဲ့ပြီး အဲဒီထဲမှာ စစ်ကိုင်းတိုင်းက ၄၉၅၄ လုံးနဲ့ အများဆုံးဖြစ်တယ်လို့ Data For Myanmar အဖွဲ့က ဧပြီ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။