တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်မှာ ဧပြီ ၁ ရက် နေ့လယ်ပိုင်းလောက်က AwRa Trading ကုမ္ပဏီပိုင် ဓာတ်ငွေ့သယ်ယာဉ် ၂ စီးကို အမည်မသိလက်နက်ကိုင်တွေက မီးရှို့ဖျက်ဆီးလိုက်တယ်လို့ ကုမ္ပဏီပိုင်ရှင်က ပြောပါတယ်။
ထိုင်းနယ်စပ် ထီးခီး- မေတ္တာ- ထားဝယ်လမ်းကြောင်းကနေ တနင်္သာရီတိုင်းနဲ့ မွန်ပြည်နယ်အတွင်းက အများပြည်သူအသုံးပြုဖို့အတွက် ထမင်းချက်ဂက်စ်တွေကို ကစယ်ဒိုထူးကုမ္ပဏီက AwRa Trading ကုမ္ပဏီပိုင်ဂက်စ်သယ်ယာဉ် ၂ စီးကိုငှားရမ်းပြီး တင်သွင်းလာတဲ့ယာဉ်တွေလို့ ဆိုပါတယ်။
AwRa Trading ကုမ္ပဏီ တာဝန်ရှိသူတစ်ဦးက ”ကျမတို့ ကုမ္ပဏီပိုင်ယာဉ် ၂ စီး မီးရှို့ခံလိုက်ရတာပါ။ မြဝတီလမ်းကြောင်းပိတ်တော့ ကားတွေနားထားရတော့ ကစယ်ဒိုထူးကုမ္ပဏီက ထီးခီးလမ်းကြောင်းကနေ ဂက်စ်တင်ဖို့ ခဏငှားပေးထားတာပါ။ ခါတိုင်းလည်း သွားနေကြ။ လမ်းကြောင်းမှာ အစစ်အဆေးခံတော့ လေယာဉ်ဆီမဟုတ်ဘူးလို့ ရှင်းပြနေတုန်း မီးရှို့ခံလိုက်ရတယ်”လို့ ဆိုပါတယ်။
အဆိုပါယာဉ်တွေဟာ ကေအန်ယူ တပ်မဟာ ၄ ထိန်းချုပ်နယ်မြေ၊ ထီးခီး-မေတ္တာလမ်းကြောင်းတလျှောက် ကေအန်ယူတပ်ဖွဲ့တွေရဲ့ အဆင့်ဆင့်စစ်ဆေးခံယူပြီး ဖြတ်သန်းခွင့်ရခဲ့တာဖြစ်ပြီး ထားဝယ်မြို့အနီးအရောက်မှာ အခုလို မီးရှို့ဖျက်ဆီးခံလိုက်ရတာလို့ သိရပါတယ်။
မြန်မာနိုင်ငံအတွင်း လောင်စာဆီဈေးကြီးမြင့်လာတာ၊ လျှပ်စစ်မီးပျက်တောက်တာတွေကြောင့် စွမ်းအင်အစားထိုး ထိုင်းနိုင်ငံထုတ် မီးဖိုချောင်သုံးဓာတ်ငွေ့ရည်(LPGas)ကိုသာ စားသောက်ဆိုင်နဲ့ အိမ်တွေမှာ အဓိကအားထားအသုံးပြုနေရတဲ့အတွက် ဓာတ်ငွေ့ရည်ပြတ်တောက်ပြီး ဈေးနှုန်းမြင့်မားလာမှာကို စိုးရိမ်နေကြတယ်လို့ ဘားအံမြို့ စာသောက်ဆိုင်လုပ်ငန်းရှင်တဦးက ပြောပါတယ်။
ထိုင်းနိုင်ငံထုတ် ဓာတ်ငွေ့ရည်(LPGas)တွေကို ထိုင်းနယ်စပ်၊ မဲဆောက်- မြဝတီလမ်းကြောင်းကနေ အဓိကတင်သွင်ပြီး မြန်မာတနိုင်ငံလုံးကို ဖြန့်ချိရောင်းချပေးနေတာပါ။
အခုအခါ မြဝတီကုန်သွယ်ရေးလမ်းကြောင်းကို ယာယီပိတ်ထားတဲ့အတွက် မီးဖိုချောင်သုံး ဓာတ်ငွေ့ရည်တင်သွင်းတဲ့ ကုမ္ပဏီတွေအနေနဲ့ လုပ်ငန်းတွေရပ်နားထားရတယ်လို့ သိရပါတယ်။
ဇန်နဝါရီ ၁၆ ရက်က ကရင်ပြည်နယ်၊ မြဝတီမြို့ ၊ ကွမ်းခြံကွေ့(အာရှလမ်းမကြီး)အနီးမှာ ဂတ်စ်တင်ကား ၂ စီး ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတဲ့အတွက် ယာဉ်မောင်း ၁ ဦး သေဆုံးပြီး ယာဉ် ၁ စီး မီးလောင်ပျက်စီးခဲ့ပါတယ်။
အလားတူ ဇန်နဝါရီ ၇ ရက်က ကော့ကရိတ်မြို့ ကျိုက်ဒုံလမ်းခွဲအနီး အာရှလမ်းမပေါ်မှာ ကုမ္ပဏီပိုင် ဓာတ်ငွေ့ရည်(LPGas) တင်ဆောင်လာတဲ့တွဲကား ပစ်ခတ်တိုက်ခိုက်ခံရတဲ့အတွက် မီးလောင်ပျက်စီးခဲ့ပြီး စုစုပေါင်း ယာဉ် ၄ စီးထိ မီးလောင်ပျက်စီးခဲ့တာပါ။