စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရုံးကြီးရပ်မှာ ဧပြီ ၃ ရက် ဒီနေ့ ဖြစ်ပွားခဲ့တဲ့ ထောင်းတွင်းဆန္ဒပြမှုကို စစ်ကောင်စီတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် အကျဉ်းသား ၁ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရခဲ့တယ်လို့ ထောင်ဝန်ထမ်းဆီက သိရပါတယ်။
“မုံရွာထောင်အတွင်းဆန္ဒပြလို့ စစ်ကောင်စီတပ်တွေ ဝင်ရောက်ပစ်ခတ်လို့ အကျဉ်းသား တယောက်သေဆုံးတယ်။ ငါးယောက် ဒဏ်ရာရတယ်”လို့ မုံရွာအကျဉ်းထောင်ဝန်ထမ်းတဦးက ပြောပါတယ်။
အခုလို မုံရွာထောင် ဆန္ဒပြမှုမှာ ပစ်ခတ်မှုတွေရှိတယ်လို့ သတင်းကြားရတာကြောင့် နိုင်ငံရေးအကျဉ်းသားတွေအတွက် စိတ်ပူတယ်လို့ မင်းကင်းမြို့ သပိတ်ခေါင်းဆောင်တယောက်ရဲ့ အမျိုးသမီးက ပြောပါတယ်။
ဒီနေ့ ညနေ ၅ နာရီလောက်က ထောင်တွင်းမှာ “ဒို့ပြည်သူတွေ ညီလားဟေ့” အော်သံတွေနဲ့အတူ သေနတ်သံတွေကြားရပြီး စစ်ကား ၄ စီးရောက်လာတယ်လို့ ထောင်အနီးနေ မြို့ခံတွေက ပြောပါတယ်။
မုံရွာထောင်မှာ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်အပါအဝင် မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်နဲ့ တခြားထင်ရှားတဲ့ နိုင်ငံရေးသမားတွေ အကျဉ်းကျနေတာပါ။
မုံရွာအကျဉ်းထောင်တွင်း အခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီပြန်ကြားရေးဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။