မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်မှာ ဧပြီ ၃ ရက်နေ့မနက်ပိုင်းက စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၃ ယောက်သေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့တယ်လို့ ရေစကြို PDF က ပြောပါတယ်။
ရေစကြိုမြို့နယ် ရှင်မတောင်အတက်လမ်းမှာ ဒီကနေ့မနက် ၁၀ နာရီလောက်က စစ်ကောင်စီတပ်သားတွေစီးလာတဲ့ ကား ၁ စီးနဲ့ ဆိုင်ကယ် ၃ စီးကို ရေစကြို PDF က မိုင်း ၂ လုံးဆွဲတိုက်ခိုက်ခဲ့တာလို့ ရေစကြိုPDF ခေါင်းဆောင် ရဲဘော်ဝေကြီးက ဒီဗွီဘီကိုပြောပါတယ်။
စစ်ကောင်စီတပ်တွေဘက်က လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ရမ်းသမ်းပြီး ပြန်လည်ပစ်ခတ်ပေမယ့် ရေစကြို PDF ရဲဘော်တွေ အထိခိုက်အကျဆုံးမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်တွေဟာ ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်ကာ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လို့ ဒေသခံပြည်သူ ထောင်နဲ့ချီ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ရေလယ်ကျွန်းဒေသခံတစ်ယောက်က ပြောပါတယ်။
ရေလယ်ကျွန်းဒေသ ဖြုံဘူးကျေးရွာကိုလည်း ဒီကနေ့ပိုင်းက စစ်ကောင်စီတပ်တွေ ဝင်ရောက်မီးရှို့ခဲရာ နေအိမ် ၇၀ လောက်မီးလောင်ဆုံးရှုံးခဲ့ပြီး မနေ့ကနဲ့ ဒီကနေ့ ၂ ရက်အတွင်းမှာ နေအိမ် ၁၀၀ ကျော်လောက်မီးရှို့ဖျက်ဆီးခံထားရတယ်လို့ ဆိုပါတယ်။
ဖြုံဘူးကျေးရွာထဲကို ဒီကနေ့မနက်ပိုင်းမှာ စစ်ကောက်စီတပ်တွေက လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်လို့ ကျောက်ဖူးကျေးရွာသူ အမျိုးသမီးတစ်ယောက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
နှစ်ဖက်တိုက်ပွဲတွေနဲ့ ပတ်သက်လို့တော့ ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာမတွေ့ရသေးပါဘူး။