Home
မြန်မာသတင်း
ခင်ဦးမြို့နယ်၊ ငါးတင်းကြီးကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့
DVB
·
April 3, 2022
277773725_1032130880715055_989231235618833112_n

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ငါးတင်းကြီးကျေးရွာကို စစ်ကောင်စီတပ်က ဧပြီ ၃ ရက်နေ့ မနက် ၉ နာရီကျော်က မီးရှို့နေတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံရွာသားတဦးက “သူတိုရွာထဲဝင်ကတည်းက လက်နက်ကြီး၊ လက်နက်ငယ်များ ရမ်းသမ်းပစ်ခတ်ဝင်ရောက်ခဲ့တာဗျ။ အင်အား ၈၀ လောက်တော့ရှိမယ်။ လူတွေကတော့ အသက်လုထွက်ပြေးခဲ့ရတယ်။ အဘိုး၊ အဘွားတွေနဲ့ ကလေးငယ်လေးတွေလည်း ပိတ်မိနေကြတာတွေ ရှိခဲ့တယ်” လို့ ပြောပါတယ်။

ငါးတင်းကြီးကျေးရွာကို မီးရှို့နေတဲ့ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဧပြီ ၁ ရက်နဲ့ ၂ ရက်နေ့တွေကလည်း မင်းဝံစိုက်ကွင်းကျေးရွာကို နှစ်ကြိမ်မီးရှို့တာတွေ လုပ်ခဲ့ပါတယ်။ 

ဧပြီ ၁ ရက်ကနေ ၃ ရက်နေ့အထိ ငါးတင်းကြီးကျေးရွာနဲ့ မင်းဝံစိုက်ကွင်းကျေးရွာတွေ မီးရှို့ခံနေရတာဖြစ်ပြီး စစ်ကောင်စီတပ် ကျေးရွာတွေကနေ မထွက်သေးတာကြောင့် နေအိမ်ဘယ်လောက် မီးလောင်ဆုံးရှုံးတယ်ဆိုတာ အတိကျမပြောနိုင်သေးဘူးလို့ ရွာသားတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်ထဲ မတ် ၅ ရက်ကနေ ၁၅ ရက်အထိ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုး ဝင်ရောက်မီးရှို့ခဲ့တာကြောင့် ကျေးရွာ ၄ ရွာက ပြည်သူတွေရဲ့နေအိမ် ၁၀‌၀ ကျော် ဆုံးရှုံးခဲ့ရပြီး ပြည်သူ ၃ ဦးအသတ်ခံရကာ PDF ရဲဘော် ၁၅ ဦး ကျဆုံးခဲ့တယ်လို့ ဒေသခံ စစ်ဘေးရှောင်ကူညီကယ်ဆယ်ရေးပရဟိတသမားတွေက ပြောပါတယ်။

ခင်ဦးမြို့နယ်အတွင်း စစ်ကောင်စီ ခလရ ၇၇ တပ်ရင်းက အင်အား ၂၀၀ လောက် စစ်ကြောင်းထိုးနေတာကြောင့် ကျေးရွာ ၂၀ လောက်က ပြည်သူတွေ စစ်ဘေးရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024