Home
မြန်မာသတင်း
စစ်ကောင်စီဒုတပ်ရင်းမှူး ၁ ဦးနှင့် တပ်သား ၁ ဦး လက်နက်နှင့်အတူ ပြည်သူ့ရင်ခွင်ခိုလှုံ အလင်းဝင်
DVB
·
April 2, 2022
000000000000

ကရင်ပြည်နယ်၊ လေးကေ့ကော်ဒေသကို စစ်ကြောင်းထိုး ကျူးကျော်ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ် ခမရ (၅၈၅)က ဒု-တပ်ရင်းမှူး ဗိုလ်မှူးတင်လင်းအောင်နဲ့ တပ်သား ကိုဟိန်းမင်းထွေးတို့ဟာ လက်နက်နဲ့အတူ ပြည်သူ့ရင်ခွင်ခိုလှုံအလင်းဝင်လာတယ်လို့ Cobra စစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။

သူတို့ ၂ ယောက်နဲ့အတူ MA -1 သေနတ် တစ်လက်၊ MA - 3 သေနတ်တစ်လက်၊ ပစ္စတိုတစ်လက်တို့ ပါလာပြီး ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်ကြီးတာပေါက လက်ခံရယူခဲ့ကာ ခုလိုခိုလှုံလာတဲ့ ပြည်သူ့ ဘက်တော်သားတွေကို စစ်ကြောင်းက လုံခြုံကောင်းမွန်စွာ စောင့်ရှောက်ပေးနေတယ်လို့ ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက်  စစ်ကောင်စီတပ်ကို အာဏာဖီဆန်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့ စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင် အရေအတွက် သောင်းနဲ့ချီရှိနေပြီဖြစ်ပါတယ်။ 

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာနကတော့ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ကနေ ရုန်းထွက်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့ သားကောင်းတွေကို နွေးထွေးစွာ ကြိုဆိုနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာတော့ ပြည်သူလူထုကို အကြမ်းဖက်သတ်ဖြတ်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို မလိုလား မနှစ်မြို့ကြတဲ့ အရာရှိ၊ စစ်သည်တွေ၊ ရဲတပ်သားတွေဟာ  သူတို့ရဲ့ ဂုဏ်သိက္ခာ၊ မျိုးဆက်တွေရဲ့ ဂုဏ်သိက္ခာကို ပြန်လည်ရယူဖို့ စစ်အာဏာရှင်ရဲ့ လက်ကိုင်တုတ်အဖြစ်က ရုန်းထွက်ပြီး ပြည်သူ့ဘက် ကူးပြောင်းရပ်တည်လာတာ တဖြည်းဖြည်း များပြားလာနေပါတယ်။

တပ်မတော်ကို အလွဲသုံးစားပြုလုပ်နေတဲ့ လက်တဆုပ်စာ စစ်ဗိုလ်ချုပ်တစုရဲ့ လက်ကိုင်တုတ် ခါးပိုက်ဆောင်တပ်အဖြစ်မှ ရုန်းထွက်ပြီး ပြည်သူ့ရင်ခွင် အမြန်ဆုံးခိုဝင်ကြဖို့ တပ်မတော်သားတွေ၊ ရဲတပ်သားတွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က  တိုက်တွန်းနှိုးဆော်ထားပါတယ်။

စစ်အာဏာသိမ်းကာလ ၁ နှစ်ကျော်အတွင်း CDM လှုပ်ရှားမှုမှာ ပါဝင်လာသူတွေနဲ့  ပြည်သူ့ ရင်ခွင်ခိုလှုံလာတဲ့ တပ်မတော်သားတွေလည်း ထောင်နဲ့ချီ ရှိလာနေပြီ ဖြစ်ပါတယ်။

ဒါ့အပြင် အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဖြစ်ကြတဲ့ ကချင်လွတ် မြောက်ရေးတပ်မတော် (ကေအိုင်အေ)နဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တို့လို အဖွဲ့အစည်းတွေကလည်း စစ်အာဏာရှင်ဆန့်ကျင်ကာ ပူးပေါင်းလိုတဲ့ ရှေ့တန်းရောက် မြန်မာ့တပ်မတော်သားတွေ၊ ရဲတပ်သားတွေကို လက်ကမ်းကြိုဆိုနေကြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024