စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ် တာဟန်းရပ်ကွက်၊ နေကြာတိုက်လမ်းကြားမှာ မတ် ၃၁ ရက် ညနေပိုင်းက စစ်ကောင်စီတပ်သားတွေနဲ့ ကလေး PDF တပ်ဖွဲ့ဝင်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
အခုလို တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် မြို့နေလူထုမှာ ပြေးစရာလမ်းမရှိဘဲ အိမ်ထဲမှာပဲ ပုန်းအောင်းနေထိုင်ကြရပြီး ကြောက်ရွံ့ထိတ်လန့်နေကြတယ်လို့ မြို့ခံတဦးက ပြောပါတယ်။
"မြို့ပေါ်ဆိုတော့ ပြေးစရာလမ်းက မရှိဘူးပေါ့၊ အိမ်ကိုတံခါးပိတ်ပြီး အိမ်ရဲ့အတွင်းပိုင်း လုံခြုံတယ်လို့ ထင်ရတဲ့တနေရာမှာ ပုန်းအောင်းနေထိုင်ကြရတယ်။"
ပြီးခဲ့တဲ့ မတ် ၂၉ ရက်နေ့ကလည်း တာဟန်းရပ်ကွက် ဗိုလ်ချုပ်လမ်းမကြီးနဲ့ ဝယ်စဂလီ ဆေးရုံကြားက လမ်းထောင့်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေနဲ့ PDF တပ်ဖွဲ့ဝင်တွေကြား ထိတွေ့မှု ဖြစ်ပွားခဲ့သေးတယ်လို့ သိရပါတယ်
စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်မှာလည်း ဧပြီ ၁ ရက် မနက်ပိုင်း ၉ နာရီလောက်က ဒေသခံ PDF အဖွဲ့တွေပူးပေါင်းပြီး စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
မုံရွာ-ယာကြီး ကလေးဝလမ်းပိုင်း မင်းကင်းမြို့နယ် တောင်တွင်းဒေသနဲ့ ကနီမြို့နယ် ဆယ်ရွာဒေသအကြား ၆၈ မိုင်အရောက်မှာ တိုက်ခိုက်ခံခဲ့ရတာဖြစ်ပါတယ်။
MKPDFတပ်ရင်း- ၂၊တပ်ခွဲ -၂ နဲ့အတူ ရွှေသမင်မုဆိုးPDFအဖွဲ့နဲ့ ကနီမြို့နယ် ဆယ်ရွာဒေသ PDF အဖွဲ့ တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး မိုင်းဆွဲတိုက်ခိုက်တာအပြင် လက်နက်ငယ်တွေနဲ့ပါ အပြန်အလှန်ပစ်ခတ်ခဲ့ကြတာလို့ PDF ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။
တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၁၀ ယောက်ထက်မနည်းကျဆုံးခဲ့သလို ၂၀ ဝန်းကျင် ထိခိုက်ဒဏ်ရာရရှိသွားခဲ့ကာ PDF ပူးပေါင်းအဖွဲ့ဘက်ကတော့ ထိခိုက်မှုမရှိဘူးလို့ ဆိုပါတယ်။
တိုက်ခိုက်ခံခဲ့ရတဲ့စစ်ကောင်စီတပ်ဖွဲ့ဟာ အင်အား ၁၀၀ ကျော်ရှိပြီး ကလေးဝဘက်ကနေ ကနီမြို့နယ် လာဘို့ကျေးရွာဘက်ဆီကို ချီတက်လာတဲ့အဖွဲ့ဖြစ်တယ်လို့လည်း ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ PDF အဖွဲ့တွေ ထိတွေ့တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနိုင်တာကြောင့် မင်းကင်းမြို့နယ် တောင်တွင်းဒေသနဲ့ ကနီမြို့နယ် ဆယ်ရွာဒေသထဲကို ပြည်သူတွေ သွားလာတာ မလုပ်ကြဖို့ ဒေသခံ PDF အဖွဲ့ ခေါင်းဆောင်က ပြောပါတယ်။