စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်ထဲက ကံပျူစောထီးရွာကို ကာကွယ်ရေးတပ်ဖွဲ့တွေက ဖေဖော်ဝါရီ ၇ ရက် ဒီနေ့မနက် ၃ နာရီခွဲလောက် ဝင်ရောက် တိုက်ခိုက်တိုက်ခဲ့တယ်လို့ ကာကွယ်ရေးတပ်နဲ့ နီးစပ်သူ ဒေသခံတွေက ပြောပါတယ်။
မင်းကင်းမြို့နယ် ရပ်ကွက် ၃ မှာ နေသူတဦးက “တိုက်ပွဲက စပစ်တဲ့ လက်နက်ကြီးအသံက မနက်ခင်း ၃ နာရီခွဲလောက်က စကြားရတာပဲ။ မနက်မိုးလင်းလို့တောင် တိုက်ပွဲက မပြီးသေးဘူး ပစ်နေကြတုန်း။ နှစ်ဖက်တိုက်ပွဲဖြစ်ပြီး ရွာလည်း မီးလောင်တယ် ထင်တယ်။ ရွာထဲက မီးလောင်ပြီး မီးခိုးလုံးကြီးတွေ တက်လာတာ မြင်ရတယ်။ မီးစလောင်တဲ့ အချိန်ကတော့ သေချာမှတ်မထားမိလိုက်ဘူး။ ရွာကတော့ မီးလောင်တာ သေချာတယ်။ ဘာတွေ ဆက်ဖြစ်ကြဦးမလဲကတော့ စောင့်ကြည့်ရဦးမယ်”လို့ ပြောပါတယ်။
ကံကျေးရွာမှာ စစ်တပ်ထောက်ခံသူ ၃၀ က ခေါင်းဆောင်ပြီး ကံရွာသားတွေနဲ့ ပူးပေါင်းကာ ပြည်သူ့ကာကွယ်ရေးတပ်တွေ လာတိုက်လျှင် ပြန်ခုခံပစ်ခတ်ဖို့ ကျေးရွာအတွင်းမှာ ကတုတ်ကျင်း၊ အကာအကွယ်တွေလည်း ပြုလုပ်ထားတယ်လို့ သိရပါတယ်။
“စခန်းကို အပြည့်အဝသိမ်းနိုင်ခဲ့တယ်ဗျ။ မင်းကင်းမြို့နဲ့လည်း ကပ်နေတဲ့ ပျူရွာလည်းဖြစ်တော့ ရွာအတွင်းအထိ ဝင်ရောက်ပြီး စခန်းသိမ်းပြီး တပ်ပြန်ဆုတ်ခဲ့တယ်။ ဒဏ်ရာရတဲ့ ပျူတွေကိုတော့ မင်းကင်းပြည်သူ့ဆေးရုံကို ကားကြီးနဲ့ ခေါ်သွားတယ်။ ကံပျူရွာက ပျူခေါင်းဆောင်နဲ့ အပေါင်းအပါ ၃၀ လောက်ကတော့ ပြင်းထန်ဒဏ်ရာရပြီး ထွန်းထွန်းဝင်း၊ ကိုကြီးတန်၊ ကိုတင်ငွေ၊ ကျော်ဇော်ဝေ၊ ငြိမ်းဝေ၊ စောဝင်း အဲလူတွေကတော့ သေဆုံးတယ်လို့ ကျနော်တို့ အတိအကျ သိထားရတယ်ဗျ။ ကျနော်တို့ဘက်က တဦး စိုးရိမ်ရ ဒဏ်ရာအပါဝင် ၆ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့တယ်။ လက်နက်ရရှိမှုရှိမရှိဆိုတာကတော့ သက်ဆိုင်ရာတာဝန်ရှိတွေက ပြောကြပါလိမ့်မယ်ဗျ” လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။
သေဆုံးဒဏ်ရာရတာနဲ့ ပတ်သက်လို့ ဒီဗွီဘီက သီးခြား အတည်မပြုနိုင်သေးသလို စစ်ကောင်စီကလည်း သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
ကံရွာဟာ အိမ်ခြေ ၂၀၀ လောက်ရှိပြီး နှစ်ဖက်ပစ်ခတ်မှုတွေကြောင့် နေအိမ်ပေါ် ကျည်ကျရောက်ပြီး အိမ် ၁၃၀ လောက် မီးလောင်ဆုံးရှုံးတယ်လို့လည်း ကံရွာက ပြည်သူတွေနဲ့ နီးစပ်သူ မင်းကင်းမြို့ခံတဦးက ပြောပါတယ်။
“တိုက်ပွဲဖြစ်ပြီး ရွာထဲကို အဝင်အထွက် ဘယ်သူမှပေးမလုပ်ဘူး။ ကံရွာကပြည်တွေတောင် ကံရွာက ဘုန်းတော်ကြီးကျောင်းထဲ စုပေါင်းနေခိုင်းထားတာတဲ့။ အဲရွာကို ဖြတ်ပြီး ကျီးတောင်ဦးရွာ၊ တောင်ယာတောရွာကို သွားချင်တဲ့ ပြည်သူတွေတောင် ကံရွာထဲကနေ ဖြတ်ခွင့်မပေးလို့ မင်းကင်းမြို့ပေါ်မှာ ပိတ်မိနေတယ်။”
အခုတိုက်ပွဲကို မင်ကင်းမြို့နယ် ကျောင်းသာတပ်မတော်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်နဲ့ မဟာမိတ်အဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့လည်း ဒေသခံတွေက ပြောပါတယ်။
ကံရွာကို ၂၀၂၃ ခုနှစ် သြဂုတ် ၂၈ ရက် မနက် ၅ နာရီလောက်မှာလည်း ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက် တိုက်ခိုက်ခဲ့ဖူးပြီး စစ်ကောင်စီဘက်က မင်းကင်းမြို့ပေါ်ကနေ ၁၂၀ မမနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကံကျေးရွာက အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၁ ဦး လက်နက်ကြီးစမှန် သေဆုံးခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။