ရွှေပြည်သာမြို့နယ်မှာ မီးကင်းကြေးနဲ့ အရန်မီးသတ်ဝတ်စုံကြေးဆိုပြီး အိမ်နဲ့အဆောင်တွေဆီ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေက ငွေလိုက်ကောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေက မီးကင်းကြေးတွေ လိုက်ကောက်ပြီး လမ်းထိပ်တွေမှာ ကင်းတဲတွေ ဆောက်နေသလို အိမ်ထောင်စုအလိုက် အလှည့်ကျ ညဘက်ကင်းစောင့်ခိုင်းထားတယ်လို့ ဆိုပါတယ်။
ရွှေပြည်သာမြို့နယ် ရပ်ကွက် ၂၀ မှာ နေထိုင်သူတဦးက “ပထမတော့ ကင်းတဲဆောက်ဖို့ တအိမ် ၃၀၀၀ ကောက်တယ်။ ကိုယ့်အလှည့်ကျလို့ ကင်းမစောင့်နိုင်ရင် လူငှားထည့်ရင်ထည့် မဟုတ်ရင် ပိုက်ဆံထပ်ပေးရမယ်လို့ ပြောတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် ရွှေပြည်သာမြို့နယ် ၂၅ ရပ်ကွက်မှာလည်း မီးသတ်ဝတ်စုံဝတ်ထားသူတွေက ဝတ်စုံကြေးဆိုပြီး အဆောင်တွေဆီက ပိုက်ဆံလိုက်ကောက်နေတယ်လို့ ဒေသခံတွေတဦးက ပြောပါတယ်။
“တချို့က ၅၀၀၀ ပေးလိုက်ရတယ်။ တချို့က ၁၀၀၀၀ ပေးလိုက်ရတယ်လို့ ပြောတယ်။ ဒီကာလမှာ သူတို့စိတ်ကြိုက်ကို ငွေရှာချင်သလို ရှာနေတော့တာ” လို့ ပြောပါတယ်။
ရွှေပြည်သာမြို့နယ်မှာ အာဏာသိမ်းပြီးနောက် လမ်းလုံခြုံရေးအတွက် ကင်းစောင့်နေသူတဦးကို စစ်တပ်က ပစ်သတ်ခဲ့တဲ့ ဖြစ်စဥ်ရှိခဲ့တာကြောင့် ဒေသခံတွေက အခုချိန်မှာ ကင်းစောင့်ဖို့ ဆန္ဒမရှိကြဘူးလို့ ဆိုပါတယ်။