ကရင်ပြည်နယ်၊ သံတောင်မြို့ ၁၃ မိုင်မှာ မတ် ၃၁ ရက် မနက် ၇ နာရီခွဲလောက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ စစ်ကားတစီး မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် လုံခြုံရေး တင်းကျပ်ထားတယ်လို့ သိရပါတယ်။
သံတောင်မြို့ ထွေအုပ်ရုံးကနေ တောင်ငူလမ်းမအတိုင်း မောင်းနှင်လာတဲ့ စစ်ကားဟာ ဆေးရုံလမ်းဆုံအကျော်မှာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီးနောက် လုံခြုံရေး တင်းကျပ်ထားသလို လမ်းသွားလမ်းလာတွေကို စောင့်ကြည့်နေတဲ့အတွက် အပြစ်မဲ့ပြည်သူတွေ ဖမ်းဆီးခံရမှာ စိုးရိမ်နေကြပါတယ်။
ဖြစ်စဉ်အနီး နေထိုင်သူတဦးက "လုံခြုံရေးက တင်းကျပ်ထားတယ်။ ဒီမနက်ဘဲ စစ်ကားတစီး ဗုံးခွဲတိုက်ခိုက်တာ ခံရတယ်။ ပေါက်ကွဲသံက အကျယ်ကြီးပဲ။ စစ်ကားတော့ မထိဘူး။ စစ်ကားကျော်ပြီးမှ ဗုံးကကွဲတာ။ စစ်သားတွေ ကားပေါ်က ဆင်းလာပြီး သေနတ်သံတွေနဲ့ ဆဲဆိုပြီး လိုက်ပစ်တော့တာပဲ။ ထွက်လည်း မကြည့်ရဲဘူး။ အခုက လမ်းသွားလာနေတဲ့သူတွေကို စောင့်ကြည့်နေတော့ စိုးရိမ်တယ်” လို့ ဆိုပါတယ်။
အဆိုပါ ဗုံးပေါက်ကွဲမှု ဖြစ်ပွားရာနေရာကို စစ်ကောင်စီရဲ့ တပ်နဲ့ ရဲတွေ ရောက်ရှိလာပြီး ဖြစ်စဉ်အနီး နေထိုင်သူတွေကို စုံစမ်းစစ်ဆေးတာတွေ ပြုလုပ်ခဲ့သလို ရပ်ကွက် ၁၊ အာစီခရစ်ယာန်ဘုရားကျောင်းလမ်းနဲ့ ရှမ်းဘုန်းကြီးကျောင်းနားတဝိုက် လမ်းသွားလာသူတချို့ကို စစ်ဆေးမေးမြန်းတာတွေ၊ စောင့်ကြည့်တာတွေနဲ့ စိုက်ပျိုးရေးခြံလမ်း၊ သုသာန်အနီးအနားတဝိုက် ကင်းလှည့်တာတွေအပြင် မြို့ဝင်မြို့ထွက် လုံခြုံရေး တင်းကျပ်ထားတယ်လို့ သိရပါတယ်။