စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ အင်မထီးကျေးရွာမှာ ပျူစောထီးတွေကို သင်တန်းပေးနေတဲ့ စစ်ကောင်စီတပ်စခန်းကို မြန်မာ့တော်ဝင်နဂါးတပ်မတော် (MRDA) က မတ် ၃၀ မနက် ၉ နာရီခွဲလောက် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
မြန်မာ့တော်ဝင်နဂါးတပ်မတော် ဦးစီးခေါင်းဆောင် ဗိုလ်နဂါးက "တိုက်ပွဲဖြစ်ခဲ့တာ ဟုတ်တယ်ဗျ။ ကျနော်တို့ မြန်မာ့တော်ဝင်နဂါးတပ်မတော် (MRDA) နဲ့ ဖြစ်ခဲ့တာပါ။ ကျနော်တို့ လူမှုကွန်ရက် စာမျက်နှာကနေ ထုတ်ပြန်ထားတာလည်း ရှိပါတယ်။ ဒီကောင်တွေ ရွာအပြင်ကို ထွက်လာတဲ့အချိန် ပစ်လိုက်တယ်။ အင်အား ၅၀ လောက်နဲ့ အင်မထီးရွာကနေ ကိုင်းတွင်းဘက်လာတာကို လမ်းကနေ ဖြတ်တိုက်လိုက်တာ။ အတော်သတ္တိရှိတဲ့ကောင်တွေ၊ ကျနော်တို့ဘက်က စပစ်တာရှိသေးတယ်၊ အင်မထီးရွာထဲ ပြေးဝင်သွားတာ ဖင်ကို ထောင်နေတာပဲ။ အထိအခိုက်ကတော့ အတိအကျ မပြောနိုင်သေးဘူး။ သတင်းကြားရတာတော့ ၅ ဦးလောက် ဒဏ်ရာရသွားတယ်" လို့ အတည်ပြု ပြောပါတယ်။
စစ်ကောင်စီတပ် တိုက်ခိုက်ခံရတဲ့ အင်မထီးကျေးရွာကို ဒေသခံပြည်သူတွေက ပျူစောထီးရွာအဖြစ် သတ်မှတ်ထားသလို စစ်တပ်က အချိန်အတန်ကြာကတည်းက တပ်ဆွဲနေထိုင်ကာ ဒေသခံတွေကို စစ်သင်တန်းပေးပြီး လက်နက်ပါ တပ်ဆင်ပေးတာတွေ ပြုလုပ်နေတာပါ။
ဒါ့အပြင် အင်မထီးရွာ ဘေးပတ်ပတ်လည်မှာလည်း စစ်ကောင်စီတပ်က မိုင်းတွေ ထောင်ထားတယ်လို့ အင်မထီးကျေးရွာအနီးက ဒေသခံတွေက ပြောပါတယ်။