ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်၊ မြင်းကဆိပ်ကျေးရွာအုပ်ချုပ်ရေးမှူးနေအိမ် မတ်လ ၂၅ ရက်နေ့ ညပိုင်းက ဗုံးပစ်ခံရတာနဲ့ပတ်သက်ပြီး ဒေသခံပြည်သူ ၂၀ နီးပါး ဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။
မြင်းကဆိပ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမင်းထွဋ်(ခ)မင်းထွေးရဲ့ နေအိမ်ကို ည ၉ နာရီလောက် ဧရာဝတီဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ (I.L.D.F) အဖွဲ့က ဗုံးနဲ့လာပစ်ခဲ့တာကြောင့် ညပိုင်းမှာတင် ပြည်သူ ၃ ဦးကို ဖမ်းဆီးသွားတာလို့ ဒေသခံတဦးက ပြောပါတယ်။
“ဗုံးနဲ့ပစ်တဲ့ညမှာတင် ရွာထဲက ၃ ဦးကို ဖမ်းသွားတာ၊ ပစ်တာက သူတို့လည်း မဟုတ်ဘူး။ အဲဒီနောက်ပိုင်း ထပ်ဖမ်းတာ ခုဆို ၂၀ ပြည့်တော့မယ်။”
စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေက ဒေသခံပြည်သူတွေကို ရွာထဲဝင်ပြီး နေအိမ်တွေထဲထိ ဝင်ဆွဲ ဖမ်းဆီးတာတွေကြောင့် ရွာထဲက လူငယ်တွေ တခြားဒေသတွေကို ထွက်ပြေး တိမ်းရှောင်နေရတယ်လို့လည်း ဆိုပါတယ်။
မြင်းကဆိပ်ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ နေအိမ်ကို ဗုံးဖောက်ခွဲတာ သူတို့လက်ချက်ဖြစ်တယ်လို့ ဧရာဝတီ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ (I.L.D.F) အဖွဲ့က သတင်းထုတ်ပြန်ခဲ့ပေမယ့် မဆိုင်တဲ့ ပြည်သူတွေကို စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးနှိပ်စက်နေတာလို့ ဒေသခံတွေက ပြောဆိုပါတယ်။