တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့က အသက် ၁၉ နှစ်အရွယ် မဆောင်းနှင်းဖြူအား ထားဝယ်ခရိုင်တရားရုံးကနေ မတ် ၂၈ ရက်နေ့မှာ ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်တယ်လို့ ထားဝယ်နိုင်ငံရေး အကျဉ်းသားများ ကွန်ရက်ကနေ သိရပါတယ်။
မဆောင်းနှင်းဖြူဟာ ဆယ်တန်းအောင်ပြီး တက္ကသိုလ်တက်ရောက်ဖို့ စောင့်ဆိုင်းနေသူဖြစ်ကာ ကလိန်အောင်မြို့၊ အမှတ် ၁ ရပ်ကွက် နေအိမ်မှာ ပြီးခဲ့တဲ့နှစ် သြဂုတ် ၂၂ ရက်နေ့က ဖမ်းဆီးခံခဲ့ရတာပါ။
လက်နက်ကိုင်တော်လှန်ရေး အင်အားစုတွေကို KBZ Pay မှတဆင့် ငွေကြေးထောက်ပံ့တယ်လို့ ဆိုကာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မတွေ ဖြစ်တဲ့ ၅၀(ည)၊ ၅၂(က) တို့နဲ့ တရားစွဲခံခဲ့ရပြီး အခုလို ထောင်ဒဏ်အမိန့် ချမှတ်ခံခဲ့ရတာလို့ မိသားစုဝင်တဦးက အတည်ပြုပြောပါတယ်။
ပုဒ်မ ၅၀(ည) ဟာ အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားတဲ့ အဖွဲ့အစည်းတခုခုကို ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာ လုပ်ငန်းများ ပြုလုပ်ပါက တရားစွဲဆိုခံရတဲ့ ပုဒ်မဖြစ်ပြီး ထောင်ဒဏ်တသက်ထိ ချမှတ်နိုင်ပါတယ်။
ပုဒ်မ ၅၂(က) ကတော့ အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားတဲ့ အဖွဲ့အစည်းတခုခုရဲ့ လုပ်ငန်းတွေကို ဆောင်ရွက်ပေးတာ၊ အကြမ်းဖက်ဆိုင်ရာ လုပ်ငန်းတွေကို တာဝန်ယူ လုပ်ကိုင်ပေးတာတွေ ပြုလုပ်တဲ့အခါ တရားစွဲဆိုနိုင်တဲ့ ပုဒ်မဖြစ်ပြီး ထောင်ဒဏ် ၃ နှစ်ကနေ ၇ နှစ်အထိ ချမှတ်နိုင်ပါတယ်။
မတ် ၆ ရက်နေ့အထိ ထားဝယ်အကျဉ်းထောင်အတွင်း စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကြောင့် ဖမ်းဆီးခံခဲ့ရပြီး ထောင်ဒဏ်အသီးသီး ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၁၅၁ ယောက်နဲ့ နိုင်ငံရေးအကျဉ်းသူ ၃၄ ယောက်ရှိပြီး အမှုရင်ဆိုင်ဆဲက အယောက် ၁၅၀ လောက် ရှိပါတယ်။