Home
ဆောင်းပါး
ဉာဏ်မဲ့ အကြံမဲ့ မင်းအောင်လှိုင်ကတော့ တည့်ပဲ
DVB
·
March 30, 2022
275740408_509857353859579_8790577786584427725_n

မြန်မာအာဏာရှင်အဆက်ဆက် တစိုက်မတ်မတ် သုံးလာတဲ့ နည်းတစ်ခု ရှိတယ်။ အဲဒါက တော်လှန်ရေးအင်အားစုတွေကြား သပ်လျှိုသွေးခွဲခြင်းနည်း ဖြစ်တယ်။ 

မကြာသေးတဲ့ သမိုင်းကြောင်းတွေကို ပြန်ကြည့်မယ်ဆိုရင် သပ်လျှိုသွေးခွဲခြင်းဟာ အမှန်တကယ်လည်း အလုပ်ဖြစ်ခဲ့တာမျိုးတွေ ရှိခဲ့ပေမဲ့ ထိုးခွဲတိုင်းလည်း ကွဲခဲ့တာမျိုးတော့ ဘယ်ဟုတ်မလဲ။ တချို့ကိစ္စကျတော့လည်း ထိုးခွဲလို့ ကွဲသွားမှ ပိုကောင်းသွားတာမျိုးလည်း ရှိတယ်။

ဥပမာ- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်ခါစ ဒေါ်အောင်ဆန်းစုကြည်ဘက်နဲ့ ဦးအောင်ကြီးအခြမ်းတို့ရဲ့ ပြတ်ပြတ်သားသား သံမဏိလမ်းခွဲခဲ့တာမျိုး။ အဲဒီသံမဏိလမ်းခွဲမှာ အာဏာရှင်တွေရဲ့ နောက်ကွယ်က သပ်လျှိုတာတွေ ဘယ်လောက်ထိ ပါ၊ မပါ မပြောနိုင်သေးပေမဲ့ နောက်ပိုင်း ထွက်ပေါ်လာတဲ့ သမိုင်းအချက်အလက်သစ်တွေအရ ဦးအောင်ကြီးဟာ NLD ပါတီ ဥက္ကဋ္ဌ တာဝန်ယူထားချိန်မှာ ဦးနေဝင်းနဲ့ လျှို့ဝှက်ဆက်ဆံရေး ရှိနေသလို အာဏာသိမ်းစစ်အစိုးရ အသက်ဆက်နိုင်ရေးအတွက် လိုအပ်နေတဲ့ ဘဏ္ဍာငွေရှာဖွေရာမှာ အကူအညီပေးခဲ့လေတော့ သံသယကြီးစွာနဲ့ ဆက်လက်တူးဆွစရာ သမိုင်းတွေရှိနေတာက သေချာတယ်။

ဘာပဲဖြစ်ဖြစ် ဦးအောင်ကြီးရဲ့ ပြတ်ပြတ်သားသား တစင်ထောင်လိုက်ခြင်းဟာ NLD ရဲ့ ရှေ့ခရီးအတွက် ပိုကောင်းသွားတယ်လို့ပဲ အများက ကောက်ချက်ချခဲ့တယ်။

တိုင်းရင်းသားလက်နက်ကိုင်တချို့ကို ဆိုရင်လည်း ခင်ညွန့်ရဲ့ ဦးဆောင်မှုနဲ့ သပ်လျှိုသွေးခွဲခြင်းဟာ အောင်မြင်ခဲ့တယ်။ ငြိမ်းချမ်းရေးဖန်ခွက်ချင်း တေ့လိုက်ရင်ပဲ ဘာမဆို ထင်ရာစိုင်းခွင့်တွေ နင့်နေအောင် ရခဲ့ကြတယ်။ ပြောရရင် စစ်အစိုးရကို နိုင်ငံရေးအရ ထောက်ခံလိုက်တာနဲ့ ရွှေမိုး ငွေမိုးတင်မက အာဏာမိုးတွေဟာ အောတိုက်ရွာချပေးလိုက်သလိုပါပဲ။

၈၈ မျိုးဆက်ဆိုတဲ့အသံ လူထုကို ဖမ်းစားနိုင်မှန်းသိတော့ စစ်အစိုးရဩဇာခံ ၈၈ မျိုးဆက် ကျောင်းသားတွေဆိုပြီး ထွက်ပေါ်လာတယ်။ တိုက်ခန်းလေး၊ မြေကွက်လေး၊ ဘဏ်စာရင်းထဲ ငွေလေးကြေးလေး နည်းနည်းပါးပါး ထည့်ပေးလိုက်ရုံနဲ့ အပွင့်အခက်မြင်ရင် အားနာစရာကောင်းလောက်အောင် ခါးချိုးချနေလေတော့ မွေးရကျိုးနပ်တယ်လို့ စစ်အုပ်စုက ကောက်ချက်ချမယ် ထင်ပါတယ်။

ဘာအတွက် မွေးကြတာလဲဆိုတော့ ဒီမိုကရေစီအင်အားစု ချည့်နဲ့စေဖို့ အဓိကရည်ရွယ်ပါတယ်။ နာခံသူကို နည်းနည်းပါးပါး မြှောက်စားပြီး လိုသလို အသုံးချမယ်။ အာခံသူတွေကို ပြတ်ပြတ်သားသား နှိမ်နင်းမယ်ဆိုတာ စစ်အစိုးရနည်းနာပါပဲ။ နိုင်ငံတကာက ပုဂ္ဂိုလ်တွေ လာတဲ့အခါ သူတို့ဩဇာခံတွေနဲ့ ပေးတွေ့ပြီး မြန်မာ့လူ့အခွင့်အရေးအခြေအနေ ဒီကလေးတွေကို မေးကြည့်ပါတော့လို့ နိဒါန်းပျိုးလိုက်တဲ့အခါ အာဂုံဆောင်ထားတဲ့ နာခံရေးသမားတွေက တန်းစီ ရွတ်ပြကြတာ စစ်အစိုးရရဲ့ ဖော်မြူလာတရပ်ပါပဲ။

၂၀၁၅ ရွေးကောက်ပွဲအပြီး NLD အစိုးရ ဖြစ်လာတဲ့အချိန်ရောက်တော့ ဒီမိုကရေစီလိုလို ဘာလိုလိုနဲ့ နိုင်ငံရေးသူငယ်နာမစင်သေးတဲ့ ပါတီငယ်လေးတချို့ကို ကြံ့ဖွံ့ပါတီက မွေးခဲ့ဖူးသေးတယ်။ ဒီတစ်ခါ ဘာအတွက် မွေးတာလဲဆိုတော့ NLD ကို တိုက်ဖို့။ ကြံ့ဖွံ့ကတော့ စစ်အစိုးရတုန်းကလို ဟုတ်တိပတ်တိပေးပြီး မွေးခဲ့တာတော့ မဟုတ်လောက်ပါဘူး။ မပေးနိုင်တော့ တလေးတစား ဆက်ဆံပြတဲ့နည်းနဲ့ မွေးတယ်။ ဒီမိုကရေစီလိုလို ဆရာတွေကလည်း လူရာဝင်ချင်တာ ရူးမတတ်တွေဆိုတော့ ကြံ့ဖွံ့အလိုကျ ကြေညာချက်ထုတ် ကန့်ကွက်ကြရင်းနဲ့ နောက်ဆုံးတော့ ၂၀၂၀ ရွေးကောက်ပွဲအပြီးမှာ စစ်တပ်ကို အာဏာသိမ်းဖို့ တောင်းပန်တိုးလျှိုးကြတဲ့ သမိုင်းတရားခံ ဘဝအထိ ရောက်ကြရတယ်။

အာဏာသိမ်းတာဟာ အာဏာလိုချင်တာကြောင့် မဟုတ်ဘူးလို့ ကိုယ့်ကိုယ်ကိုယ် ယုံအောင် လိမ်နိုင်ဖို့ ဘာပြောပြော ငုတ်တုတ်ထိုင်နေမယ့် ဒီမိုကရေစီဆရာတွေကို ဘာအာဏာမှမရှိတဲ့ အာဏာပေးထားလိုက်တယ်။ သိန်းညွန့်၊ ခင်မောင်ဆွေ၊ သက်သက်ခိုင် တင်မက ဘယ်သူမှ မထင်ထားခဲ့တဲ့ ကျွန်းပြန်ကြီး မန်းငြိမ်းမောင်ပါ မင်းအောင်လှိုင်ပြောသလို ခေါင်းညိတ်၊ ခေါင်းခါ အာဏာအပြည့်နဲ့ ငုတ်တုတ်ထိုင်ကာ နွေဦးတော်လှန်ရေးအပြီး တရားစွဲခံရမယ့်နေ့တွေကို ထိုင်စောင့်နေကြရတယ်။

NLD ထဲကနေ ခွဲထွက်ခဲ့တဲ့ သိန်းညွန့်၊ ခင်မောင်ဆွေနဲ့ သက်သက်ခိုင်တို့ကို စစ်အုပ်စုက ရာနှုန်းပြည့် ရခဲ့ပေမဲ့ အဲဒီ ၃ ယောက်စလုံးက လူထုချဉ်ဖတ်ဖြစ်နေတာ ကြာပြီမို့ ဘာမှမထူးသလို သူတို့ ၃ ဦးစလုံးရဲ့ နောက်မှာလည်း ဘာအင်အားမှ မရှိတာမို့ ဘာမှမထူးခဲ့ပါဘူး။

လောလောလတ်လတ် စစ်အုပ်စု လိုချင်နေတာက လက်ရှိ NLD ထဲက သူတို့ ဩဇာခံမယ့် လူတွေပါ။ NLD ဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ပြတ်ပြတ်သားသား အနိုင်ရခဲ့တဲ့ပါတီ ဖြစ်ပြီး ရွေးကောက်ခံ NLD အမတ်တွေနဲ့ စုဖွဲ့ထားတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အစိတ်အပိုင်းတချို့ဟာ NLD တွေဖြစ်ပြီး CRPH နဲ့ NUG အစိုးရတို့ဟာ နွေဦးတော်လှန်ရေးရဲ့ ဦးဆောင်နေရာမှာ ရှိနေတာကြောင့် အဲဒါတွေကို တန်ပြန်ဖို့ မင်းအောင်လှိုင် အလိုကျ NLD ပါတီဝင်တချို့ အရေးတကြီး လိုအပ်နေခဲ့တယ်။

NLD ပါတီဝင်တွေထဲက ဩဇာရှိတဲ့ တစ်ယောက်ယောက်က မင်းအောင်လှိုင် အလိုကျ အသုံးတော်ခံလိုက်မယ်ဆိုရင် မင်းအောင်လှိုင်အတွက် နိုင်ငံရေး အမြတ်အစွန်း တော်တော်ထွက်လာမှာ သေချာတယ်။ ဒါပေမဲ့ မင်းအောင်လှိုင်က နိုင်ငံရေးမူကြိုတန်းမှာတင် စာမေးပွဲ တဘုန်းဘုန်းကျပြီး ဘဝင်ရူးနေလေတော့ စည်းရုံးသွေးဆောင်ခြင်းနည်းကို လုံးဝ ပစ်ပယ်ခဲ့တယ်။

သိန်းညွန့်၊ ခင်မောင်ဆွေနဲ့ သက်သက်ခိုင်တို့လို သူ့ရှေ့မှောက် လာရောက်ဒူးထောက်တာမျိုးကိုသာ ကြိုက်သမို့ ဘာအာဏာမှမရှိတဲ့ အာဏာပေးမယ်၊ လာ ဒူးထောက် ဆိုတာမျိုးကိုသာ မင်းအောင်လှိုင်က အလိုရှိခဲ့တယ်။ အဲဒီလို လာဒူးထောက်မယ့်လူ မရှိတဲ့အခါကျတော့ မိသားစုဘဝတွေပါ နာလန်မထူနိုင်အောင်အထိ အပြင်းထန်ဆုံးဖိနှိပ်ခြင်းနဲ့ အကြောက်တရား သွင်းတယ်။

ဘယ်လောက်ထိအောင် ဖိနှိပ်မှု ပြင်းထန်သလဲဆိုတော့ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က စလို့ အောက်ခြေပါတီဝင်အထိ အဖမ်းမခံရသူတိုင်းဟာ တိမ်းရှောင်နေရတာချည်း။ နေအိမ်နဲ့ တခြား ပိုင်ဆိုင်မှု ချိပ်ပိတ်ခံရတာလည်း မနည်း။ သက်မဲ့ NLD ပါတီရုံးတွေကိုတောင် ဗုံးခွဲ၊ မီးရှို့ လုယက်မှုတွေကို စစ်အုပ်စုက ကျူးလွန်ခဲ့သေးတယ်။

အဲဒီလို ခြေလွန်လက်လွန် ဖိနှိပ်မှုတွေက အင်မတန် ရက်စက်ကြမ်းကြုတ်တဲ့ အာဏာရှင် ပေါက်စလေးအဖြစ် နိုင်ငံတကာမှာ ထင်ရှားလာတာကလွဲပြီး သူ မျှော်လင့်ထားသလို ဒူးထောက်မယ့်သူတွေ ရောက်မလာခဲ့ဘူး။ ဆိုတော့ နိုင်ငံတကာက လာပြီဆိုရင် မလိမ့်တပတ် နည်းတွေနဲ့ သမ္မတဟောင်း ဦးထင်ကျော်ရဲ့ကတော် ဒေါ်စုစုလွင်ကို ခေါ်ရတော့တယ်။ ဒေါ်စုစုလွင်ဟာ သမ္မတဟောင်းကတော် ဖြစ်ရုံမက ၂၀၂၀ ရွေးကောက်ခံအမတ်လည်း ဖြစ်၊ NLD ပါတီရဲ့ အရန်ဗဟိုအလုပ်အမှုဆောင်လည်း ဖြစ်လေတော့ ဒေါ်စုစုလွင်ဟာ NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူလိုလိုနဲ့ စစ်အုပ်စုက အသုံးချဖို့ ကြိုးစားကြည့်တာပါ။

ပြီးခဲ့တဲ့နှစ်ကုန်ပိုင်း အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် လာတုန်းက ဒေါ်စုစုလွင်နဲ့ တွေ့ခဲ့တယ်လို့ ထင်ကြေးပေးကြတယ်။ ပြီးတော့ နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ  နိုင်ငံရေးပွဲစား ဆာဆာကာဝါနဲ့လည်း တွေ့ခဲ့တဲ့ပုံ။ ဒေါ်စုစုလွင်တို့ လက်ရှိနေရတာက စစ်အုပ်စုရဲ့ မျက်စိအောက်က နေပြည်တော်မှာ အကျယ်ချုပ်သဘောမျိုးမို့ နိုင်ငံတကာဧည့်သည်တွေနဲ့ တွေ့ခိုင်းတာမျိုးလောက်တော့ လိုက်လျောရမယ့်သဘောလို့ ထင်ရတယ်။

အာဆီယံအထူးသံတမန်၊ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ပရတ်ဆွန်ခွန်းရဲ့ မတ်လ ၂၁ ရက်နေ့ မြန်မာခရီးစဉ်မှာတော့ ဒေါ်စုစုလွင်နဲ့ တွေ့ဖို့ စီစဉ်ထားပြီးမှ ပျက်ခဲ့ပါတယ်။ သတင်းတွေအရ ဒေါ်စုစုလွင်က ကျန်းမာရေးအကြောင်းပြချက်နဲ့ တွေ့ဆုံဖို့ ဖျက်ခဲ့တယ်လို့ သိရပါတယ်။ 

NLD ကိုယ်စားပြု တွေ့ဆုံသူလိုလို၊ NLD ရဲ့ CRPH နဲ့ NUG မဟုတ်တဲ့ ခေါင်းဆောင်လိုလို စစ်အုပ်စုက ပုံဖော်နေတာကို သဘောပေါက်လို့ပဲ ဒေါ်စုစုလွင်ဘက်က ဖျက်သိမ်းခဲ့တာများလား။ ဒေါ်စုစုလွင်က စစ်အုပ်စု ပြောခိုင်းတာတွေ မပြောဘဲ သူ ပြောချင်တာတွေသာ ပြောနေလို့ စစ်အုပ်စုက မတွေ့ခိုင်းတော့တာလားဆိုတာ မသဲကွဲသေးပေမဲ့ ဘာပဲဖြစ်ဖြစ် စစ်အုပ်စုရဲ့ ထင်ယောင်ထင်မှား လုပ်ချင်တဲ့ အစီအစဉ် ပျက်သွားခဲ့တာကတော့ ဒီမိုကရေစီ အင်အားစုတွေအတွက် အမြတ်ရလိုက်ပါတယ်။ 

ဘာပဲဖြစ်ဖြစ် မင်းအောင်လှိုင်လို မကွေ့တတ် မချိုးတတ်ဘဲ ဉာဏ်မရှိတဲ့ လမ်းဘေး လူမိုက်အထာနဲ့ ကျနော်တို့ တိုက်နေရတာဟာ လတ်တလော ကြောက်မက်ဖွယ်အန္တရာယ်မျိုးစုံနဲ့ ရင်ဆိုင်နေရပေမဲ့ မြန်မြန်ပွဲပြတ်နိုင်ပါတယ်။

အခုလည်း  အာဆီယံအထူးသံတမန် နောက်တစ်ကြိမ် မလာတော့အောင်၊ အာဆီယံရော နိုင်ငံတကာကပါ မနားတမ်းရွတ်နေတဲ့ အာဆီယံမူ ၅ ရပ် ဆိုတာကြီးကို နောက်ထပ် မရွတ်ဖတ်ရလေအောင် မင်းအောင်လှိုင်က မတ်လ ၂၇ ရက်မှာ အကြမ်းဖက်အဖွဲ့တွေနဲ့ မဆွေးနွေးဘဲ နှိမ်နင်းမယ်လို့ အတိအလင်း ပြောကြားလိုက်ပါတယ်။

မင်းအောင်လှိုင်က အာဆီယံမူ ၅ ရပ်ကို လုံးဝလက်မခံဘူးလို့ မပြောရုံတမယ်၊ ဒီလောက်ဆို သဘောပေါက်သင့်ပြီ။ တကမ္ဘာလုံးနဲ့ တစ်ယောက် ရှေ့ဆက်လျှောက်မယ်လို့ ပြတ်ပြတ်ပြောပြလိုက်တာပါ။

ထွန်းလင်း

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024