မင်းတပ်မြို့နယ်မှာ မတ်လ ၂၆ ရက်နေ့က CDF-မင်းတပ်နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၅ ယောက်လောက်သေဆုံးခဲ့တယ်လို့ CDF-မင်းတပ်ကနေ သိရပါတယ်။
မင်းတပ်-မတူပီကားလမ်း ၁၆ မိုင်နားမှာ မတ် ၂၆ ရက်နေ့က စစ်ကောင်စီတပ်တွေနဲ့ CDF မင်းတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားကာစစ်ကောင်စီတပ်သား ၅ယောက်လောက်သေဆုံးခဲ့တာလို့ ဆိုပါတယ်။
မနေ့က မတ်လ ၂၇ ရက်နေ့မှာတော့ စစ်ကောင်စီဘက်က လှုပ်ရှားမှုမရှိတာကြောင့် တိုက်ပွဲမဖြစ်ပွားခဲ့ဘဲ ၁၇ မိုင်နားမှာတော့ စစ်ကောင်စီတပ်သား အင်အား ၃၀၀ လောက်ရောက်ရှိနေတယ်လို့ ပြောပါတယ်။
စစ်ကောင်စီဟာ အခုရက်ပိုင်းအတွင်း ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတာကြောင့် ရှေတန်းနဲ့ နောက်တန်း ချိတ်ဆက်မှု အားနည်းပြီး သတင်းနောက်ကျရတာလို့ဆိုပါတယ်။
စစ်ကောင်စီတပ်တွေဟာ ချင်းတောင်ပေါ်ကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
နှစ်ဖက်တိုက်ပွဲတွေနဲ့ ပတ်သက်လို့တော့ ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာမတွေ့ရသေးပါဘူး။