ချင်းပြည်နယ်၊ ကန်ပက်လက်မြို့မှာ မတ် ၂၆ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ စစ်ကောင်စီ တပ်သား တယောက်သေဆုံးပြီး တယောက် အပြင်းအထန်ဒဏ်ရာရခဲ့တယ်လို့ CDF ကန်ပက်လက်က ထုတ်ပြန်ပါတယ်။
ကန်ပက်လက်မြို့တွင်း ကင်းပုန်းဝပ်နေရာယူထားတဲ့ စစ်ကောင်စီတပ်နဲ့ CDF - ကန်ပက်လက်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
မြို့မရဲစခန်းနဲ့ အ.ထ.က ကျောင်းမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ကူပစ်ပေးခဲ့တာကြောင့် လူနေအိမ်တချို့ပေါ်ကို လက်နက်ကြီး ကျရောက်ပြီး ထိခိုက်ပျက်စီးခဲ့ပေမဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဘက်က အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ CDF - ကန်ပက်လက်က ဆိုပါတယ်။
စစ်ကောင်စီတပ်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာကြောင့် တိုက်ပွဲအနီးက ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။