မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်ထဲက ယုန်ထောင်ဆရာတော်နဲ့ ကပ္ပိယတို့ကို အမည်မသိ လူတချို့က မတ် ၂၅ ရက်နေ့က သတ်ဖြတ်ပြီး မီးရှို့သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
လူပေါင်း သိန်းချီပြီး အရက်ဖြတ်ပေးတာကြောင့် အရက်ဖြတ်ဘုန်းကြီးလို့ နာမည်ကြီးတဲ့ ယုန်ထောင်ဆရာတော်ဟာ ကျိန်းစက်တဲ့နေရာမှာ အသတ်ခံခဲ့ရတာလို့ ဆွမ်းချိုင့်သွားပို့တဲ့ ဒေသခံတဦးက ပြောပါတယ်။
“မနက် (၂၆ ရက်) ကို ဆွမ်းသွားပို့တော့မှ သိတာ၊ ကျောင်းကိုလည်း မီးရှို့ထားတယ်၊ ဘုန်းဘုန်း ကျိန်းတဲ့နေရာမှာပဲ အသတ်ခံရတာ၊ အလောင်းက မီးကျွမ်းနေပြီ။ ဆွမ်းချက်တဲ့ ဦးဘိုနီကြီးကတော့ ခြေထောက်ကို ဝါယာကြိုးနဲ့ တုပ်ပြီးမှ သတ်သွားတာ။ ဆွမ်းချက်ရုံထဲမှာပဲ အလောင်းကို တွေ့တာ။ သူ့ကားတွေကို နဂါးရုံဘုရားနားကနေ ဂူအထိ မောင်းယူသွားပြီး ၂ စီးကိုတော့ သူ တရားထိုင်တဲ့ ဂူဘေးက ချောင်းချောက်ကြီးထဲကို တွန်းချသွားတယ်၊ တစီးတော့ ပက်လက်လှန်သွားတယ်။"
ဆရာတော်ကို ဘယ်သူတွေက ဘာကြောင့် သတ်သွားတယ်ဆိုတာ မသိရသေးဘူးလို့ ဒကာတယောက်က ပြောပါတယ်။
“ဘာလို့သတ်သွားလဲမသိဘူး၊ စာရွက်စာတန်းတွေလည်း အကုန်မီးရှို့သွားတယ်။ အရင်ရက်ကတော့ ဘဏ်ကနေ ငွေ ၃ သိန်း ထုတ်သွားသေးတယ်။ ဒါပေမဲ့ အခုဟာက ငွေလိုချင်လို့ လုပ်တဲ့ပုံတော့မဟုတ်ဘူး၊ ကျောင်းမှာလည်း ငွေများများစားစားရှိမဲ့ပုံလည်း မပေါက်ပါဘူး။ ဘုန်းဘုန်းကို ဓားနဲ့အရင်ထိုးသတ်သွားတာ၊ သူ့ရင်ဘတ်မှာလည်း ဓားထိုးဒဏ်ရာတွေ့တယ်တဲ့ ရဲကပြောတာ။ နောက်ရဲက မေးသေးတယ် ဘယ်သူသတ်သွားတာဖြစ်နိုင်လဲလို့မေးတယ်။ ကျနော်ကတော့ သူ့မှာက ပရိသတ် ဧည့်သည်တွေများတယ်၊ ဒါပေမဲ့ အားလုံးကို ဘုန်းကြီးက ကူညီနေတာ။ သူ့ကို တချို့ ဆေးပြတ်သွားသူတွေက ကားတွေတောင်လှူသွားကြတာ။ သူက ပြန်ပြီး ပရဟိတအဖွဲ့တွေ၊ တခြားဘုန်းကြီးကျောင်းတွေကိုတောင်ပြန်လှူတာ။ သူလိုလူကို ဘယ်သူက ဘာကြောင့်သတ်သလဲဆိုတာတော့ စဥ်းစား လို့တောင်မရဘူးလို့ ရဲစခန်းကို ပြန်ပြောလိုက်သေးတယ်။”
လက်ရှိမှာတော့ ဆရာတော်ရဲ့ ရုပ်ကလာပ်ကို ကျောက်ပန်းတောင်မြို့က ရင်ခွဲရုံကို ပို့ထားပြီး မန္တလေးမှာနေတဲ့ ဆွေမျိုးတွေကိုလည်း အကြောင်းကြားထားတယ်လို့ ဆိုပါတယ်။
ယုံထောင်ဆရာတော်ဟာ အရက်နဲ့မူးယစ်ဆေးစွဲနေသူတွေအား မေတ္တာနဲ့ ကူညီဖြတ်ပေးနေတာ ပြီးခဲ့တဲ့ ၂၀၂၁ နှစ်ကုန်အထိ ၅ သိန်းကျော်သွားပြီဖြစ်ပြီး သူ့ကိုလှူဒါန်းထားတဲ့ကားတွေထဲက ၁၄ စီးကိုလည်း ပြန်လည်လှူဒါန်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဆရာတော်ကျောင်းကို ရေနံချောင်း-ကျောက်ပန်းတောင်းကားလမ်း ဂွေးပင်ရွာကနေ အရှေ့ဘက်ကို ၆ မိုင်လောက်ဝင်ရတဲ့ ကျွဲကန်ရွာအရှေ့ဘက် ၃ မိုင်အကွာမှာ တောထဲမှာ တည်ထားပါတယ်။
ယုံထောင်ဆရာတော်အား သတ်ဖြတ်သွားသူတွေကို ဖမ်းဆီးရမိရေး ကျောက်ပန်းတောင်းမြို့မရဲစခန်း ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။