စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ သလ္လာရပ်ကွက်၊ ပေ ၈၀ လမ်းထိပ်မှာ စစ်ဆေးရေးလုပ်နေတဲ့ စစ်ကောင်စီတပ် မတ် ၂၆ ရက်နေ့ ည ၇ ခွဲလောက်က လက်ပစ်ဗုံးနဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ပေါက်ကွဲတဲ့အသံက ရုတ်တရက်ကြီး တခါတည်း ကြားလိုက်ရတယ်။ အပြင်ထွက်မကြည့်ရဲဘူး။ မီးထွန်းထားတဲ့ အိမ်တွေတောင် မီးတွေအကုန်ပိတ်ကြတာ။ ဒီကောင်တွေက ပြောရတဲ့ကောင်တွေမဟုတ်ဘူးဗျ။ ဘယ်အဖွဲ့ကပစ်တယ်ဆိုတာတော့ မသိရသေးဘူး၊ ထိခိုက်ဒဏ်ရာရရှိနိုင်တယ်။ လုံခြုံရေးအရ အပြင်ထွက်မကြည့်ရဲဘူး” လို့ သလ္လာရပ်ကွက်က အမည်မဖော်လိုတဲ့ ဒေသခံတဦးက ပြောပါတယ်။
စစ်ကောင်စီတပ်ကို မုံရွာအခြေစိုက် Unity Force Monywa(UFM)နဲ့ Brother Defence Force အဖွဲ့နှစ်ဖွဲ ပေါင်းပြီး လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခံရတာကြောင့် ထိခိုက်ဒဏ်ရာရမှုရှိမရှိ စုံစမ်းမေးမြန်းနေဆဲဖြစ်ပြီး စစ်ကောင်စီကလည်း သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။