စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ကင်းပြစ်ကျေးရွာက သက်ကြီးရွယ်အိုတွေကို စစ်ကောင်စီတပ်က မတ် ၂၄ ရက် ည ၇ နာရီကျော်လောက်မှာ ရိုက်နှက်နှိပ်စက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ရေဦးမြို့နယ်ကနေ ခင်ဦးမြို့နယ်ဘက်ကို စစ်ကောင်စီတပ်က အင်အား ၉၀ လောက်နဲ့ စစ်ကြောင်းထိုးလာပြီး ကင်းပြစ်ရွာထဲကို ဝင်ရောက်ကာ ထွက်မပြေးနိုင်ဘဲ ကျန်ရစ်ခဲ့တဲ့ သက်ကြီးရွယ်အိုတွေကို ရိုက်နှက်ခဲ့တာဖြစ်ပါတယ်။
ဒေသခံ ကင်းထောက်သမားတဦးက “ကျနော်တို့ လူငယ်၊ လူလတ်နဲ့ ပြေးနိုင်လွှားနိုင်သူတွေကတော့ သူတို့ စစ်ကောင်စီတပ်တွေ မလာခင်ကတည်းက ရှောင်နေကြတယ်။ သူတို့ ညနေ ရွာထဲဝင်လာပြီး မပြေးနိုင်ဘဲ ရွာထဲကျန်နေခဲ့တဲ့ သက်ကြီးရွယ်အိုတွေကို ရိုက်နှက်နေတာတွေ လုပ်နေတယ်ဗျ။ ဘယ်လိုသိရတာလဲဆိုတော့ ကျနော်တို့ ကင်းထောက်တွေ ချထားတယ်။ ရွာထဲက အော်သံတွေလည်း အတိုင်းသား ကြားနေရတာ ဆရာရေ။ အထူးသဖြင့် အဘိုးအိုတွေကို ရိုက်နှက်နေတယ်” လို့ ပြောပါတယ်။
အဆိုပါ ကင်းပြစ်ကျေးရွာဟာ အိမ်ခြေ ၂၀၀ ကျော်ရှိပြီး ခင်ဦးမြို့ရဲ့ အနောက်ဘက် ၅ မိုင်လောက် အကွာမှာ တည်ရှိတာပါ။
ဒါ့အပြင် ကင်းပြစ်ရွာအနီးမှာရှိတဲ့ ပျဉ်ထောင်ကျေးရွာမှာလည်း စစ်ကောင်စီက ပျူစောထီးသင်တန်းတွေ ပေးနေတဲ့အတွက် ဒေသခံ ရွာသားတွေဟာ နေ့စဉ်ဆိုသလို ကျေးရွာအတွင်းကနေ ထွက်ပြေးလိုက်၊ သူတို့ပြန်သွားရင် ပြန်ဝင်လိုက် လုပ်နေရတယ်လို့လည်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။