မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် တောင်စွန်းစံပြကျေးရွာက စစ်ကောင်စီလက်အောက်ခံ EPC ရုံးဟာ မတ် ၂၂ ရက် နေ့လယ် ၂ နာရီလောက် ဗုံးခွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။
အဲဒီတောင်စွန်း EPC ရုံးကို အာဠာဝကနဲ့ သွေးသောက်များ (ဘီးလင်း) အဖွဲ့က ဗုံးပစ်သွင်းပြီး သွားရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
EPC ရုံး ဗုံးပစ်တိုက်ခိုက်ခံရတာကြောင့် အဆောက်အဦတချို့ ထိခိုက်ပျက်စီးခဲ့သလို ရုံးအနီးရပ်ထားတဲ့ ဆိုင်ကယ် ၃ စီး ပျက်စီးခဲ့ပြီး လူထိခိုက်ဒဏ်ရာရတာတော့ မရှိဘူးလို့ ဘီးလင်း ဒေသခံတဦးက ပြောပါတယ်။
တောင်စွန်း EPC ရုံးကို ဗုံးခွဲတိုက်ခိုက်ရတာဟာ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေက ပြည်သူတွေအပေါ် လျှပ်စစ်မီတာခ အတင်းအကျပ် ကောက်ခံနေတဲ့အတွက်ကြောင့် နောက်ဆုံးအကြိမ် သတိပေးတဲ့အနေနဲ့ ဖောက်ခွဲရတာလို့ အာဠာဝကနဲ့ သွေးသောက်များ (ဘီးလင်း) အဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဒါကြောင့် ဘီးလင်းမြို့နယ်က စစ်ကောင်စီလက်အောက်ခံ EPC ဝန်ထမ်းတွေအနေနဲ့ လျှပ်စစ်မီတာခ ကောက်ခံနေမှုကို ချက်ချင်းရပ်တန့်ဖို့နဲ့ ရပ်တန့်တာမရှိရင် ပစ်ခတ် အရေးယူသွားမယ်လို့ သတိပေးထားပါတယ်။
တောင်စွန်း EPC ရုံး ဗုံးပေါက်ကွဲပြီးနောက် စစ်ကောင်စီတပ်ဖွဲ့တွေက လာရောက် စစ်ဆေးတာတွေ လုပ်ဆောင်ခဲ့သလို လမ်းတချို့ကိုလည်း ပိတ်ဆို့ပြီး ရှာဖွေစစ်ဆေးတာတွေ လုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။