မန္တလေးတိုင်း၊ တံတားဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝဏ္ဏအောင်ရဲ့ နေအိမ်ကို မတ် ၂၁ ရက်နေ့မှာ စစ်ကောင်စီက လာရောက်ချိပ်ပိတ်သွားတယ်လို့ သိရပါတယ်။
စစ်တပ်အာဏာသိမ်းပြီးကတည်းက တိမ်းရှောင်နေတဲ့ ဦးဝဏ္ဏအောင်ရဲ့ ချမ်းအေးသာစံမြို့နယ်၊ သီရိဟေမာအရှေ့ရပ်က နေအိမ်ကို ဒီကနေ့ မွန်းတည့် ၁၂ နာရီလောက် လာရောက် ချိပ်ပိတ်ခဲ့တာပါ။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ နယ်မြေခံရဲတွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးပိုင်းက လူတွေ လာရောက်ချိတ်ပိတ်တာ ဖြစ်ပြီး အဆိုပါနေအိမ်မှာ ဦးဝဏ္ဏအောင်ရဲ့ ညီဖြစ်သူ မိသားစု နေထိုင်နေတယ်လို့ သိရပါတယ်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝဏ္ဏအောင်က "သူတို့လုပ်ရိုးလုပ်စဉ်ပေါ့လေ၊ စကစရဲ့ ဥပဒေမဲ့လုပ်ရပ်ပေါ့။ ထွေထွေထူးထူးတော့ ပြောစရာသိပ်မရှိပါဘူး၊ မျှော်လင့်ထားတာပဲလေ။ ဘာလို့ဆို ကျနော်တို့မှ မဟုတ်ပါဘူး၊ တနိုင်ငံလုံး ဘယ်နေ့ချိပ်ပိတ်မယ် မျှော်လင့်နေတဲ့ အနေအထားပဲ။ ချိပ်ပိတ်ထားလို့လည်း ကိုယ်လုပ်စရာတွေ ရပ်တန့်သွားမှာမှ မဟုတ်တာ၊ ကိုယ် လုပ်စရာနဲ့အတူ ကျနော်တို့ကတော့ တိုက်ပွဲဝင်နေရမှာပဲ” လို့ ပြောပါတယ်။
မန္တလေးတိုင်းအတွင်းမှာတော့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေထဲက နေအိမ်ချိပ်ပိတ်ခံရတာဟာ ပထမဆုံးဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းက စဉ့်ကိုင်မြို့နယ်၊တိုင်းဒေသကြီး (၁) လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်လင်းရဲ့ နေအိမ်လည်း ချိပ်ပိတ်ခံခဲ့ရတယ်လို့ သိရပါတယ်။