တိုက်ပွဲအတွင်း ရှေ့တန်းမှာ သေဆုံးသွားခဲ့ကြတဲ့ စစ်ကောင်စီတပ်က စစ်ဗိုလ်တွေရဲ့ ပုခုံးပေါ်က ကြယ်ပွင့်တွေနဲ့ PDF လူငယ်တယောက်က ဒီဇိုင်းဆင်ဖန်တီးထားတဲ့ ဖိနပ်တရန်ကို အွန်လိုင်းကနေ လေလံတင်ရောင်းချနေရာမှာ လက်ရှိအချိန်ထိ အမေရိကန်ဒေါ်လာ ၁ သောင်းထိ ပေးသူတွေ ရှိနေတယ်လို့ သိရပါတယ်။
“ဒေါ်လာ ၅၀၀ ကနေ ၆၀၀၀ ထိ ပေးထားတယ်။ နောက်တစ်ယောက်ကတော့ လက်ရှိ ဘယ်စျေးဖြစ်သွားပြီလဲ မမေးပဲကို ဒေါ်လာ ၁ သောင်း ပေးသွားပါပြီ။ ဒီနေ့မနက်ကို ဒေါ်လာ ၁ သောင်းနဲ့ လေလံစဖွင့်ပါမယ်။ ဒီနေ့ည မြန်မာစံတော်ချိန် ၁၀ နာရီမှာ လေလံပိတ်သိမ်းမှာမို့ အချိန်လေးရှိသေးတယ်နော်။ ဘယ်လောက်ဖြစ်သွားမလဲ။ သေနတ်ဘယ်နှလက်စာ ဖန်တီးပေးနိုင်မလဲကတော့ စိတ်ဝင်စားစရာကောင်းနေပါပြီ”လို့ လေလံပွဲစီစဉ်သူက ဆိုပါတယ်။
ဒီလေလံပွဲကို ပန်ဆယ်လိုက ဦးဆောင်ပြုလုပ်နေတာဖြစ်ပြီး ကြမ်းခင်းဈေး အမေရိကန်ဒေါ်လာ ၅၀၀ နဲ့ မနေ့က မတ် ၂၁ ရက်မှာ စတင်ခဲ့တာဖြစ်ပြီး လေလံပွဲစတင်ချိန် နာရီပိုင်းအတွင်းမှာတင် ဒေါ်လာထောင်ချီပေးသူတွေ ရှိနေခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက်ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူလူထုတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာ ကွယ်ပိုင်ခွင့်အရ၊ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာပါ။
နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေတာ ဖြစ်ပါတယ်။
စစ်အာဏာရှင်ကို တိုက်ထုတ်မယ့် ပြည်သူ့ကာကွယ်ရေးတပ်(PDF) တွေကို ထောက်ပံ့ချင်သူတွေအနေနဲ့ ဒီဖိနပ်ကို လေလံဆွဲမယ်ဆိုရင်တော့ ပန်ဆယ်လိုရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာကတဆင့် ဆက်သွယ်နိုင်ဖို့ဖိတ်ခေါ်ထားပြီး ဒီကနေ့ည ၁၀ နာရီမှာ လေလံပိတ်သိမ်းမယ်လို့ ဆိုပါတယ်။