ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ)၊ ပီဒီအက်ဖ် ပူးပေါင်းအဖွဲ့တွေရဲ့ တိုက်ခိုက်ခံရတဲ့ မြစ်ကြီးနားမြို့နယ် ၂၁ မိုင် ဌာနဆိုင်ရာ စုပေါင်းဂိတ်ကို မတ် ၂၀ ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်လိုက်ပါတယ်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မုရမ်းကျေးရွာ ၂၁ မိုင် စုပေါင်းဂိတ်မှာ ဌာနဆိုင်ရာ အဖွဲ့စုံရှိသလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ အထိုင်ချထားပါတယ်။ မတ်လ ၁၉ ရက်နေ့မှာ ကေအိုင်အေနဲ့ ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ရာကနေ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။
တိုက်ပွဲဟာ မနက် ၄ နာရီကနေ ၆ နာရီကြားမှာ ဖြစ်ပွားခဲ့ပြီး စုပေါင်းဂိတ်ကို ကေအိုင်အေနဲ့ ပူးပေါင်းအဖွဲ့တွေက မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
အဲဒီဂိတ်ကို စစ်ကောင်စီဘက်ကတော့ ရဟတ်ယာဉ် ၂ စီးနဲ့ အနည်းဆုံး ၅ ကြိမ်လောက် လာရောက်တိုက်ခိုက်ခဲ့သလို ဂိတ်အနီးရှိ ခလရ ၂၆၀ ကနေ လက်နက်ကြီး ပစ်ကူပေးတာတွေ ရှိပါတယ်။
တိုက်ပွဲအပြီးမှာ လူမူကယ်ဆယ်ရေးအဖွဲ့တွေ သွားရောက်ကူညီတာ ရှိတဲ့အတွက် စစ်ကောင်စီဘက် ထိခိုက်သေဆုံးတာတွေ ရှိနိုင်တယ်လို့ ဒေသခံတွေ ပြောပေမယ့် အရေအတွက် အတိအကျကိုတော့ ဒီဗွီဘီအနေနဲ့ သီးခြားအတည် မပြုနိုင်သေးပါဘူး။
မြစ်ကြီးနား ၂၁ မိုင် စုပေါင်းဂိတ်ဟာ စစ်ကောင်စီတပ်ဖွဲ့တွေ အမြဲတမ်းတပ်စွဲထားပြီး အစစ်အဆေးကြမ်းသလို ငွေတောင်းတာလည်း ကြမ်းတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီဂိတ်ဟာ မနှစ်ကတုန်းကလည်း ကေအိုင်အေနဲ့ ပီဒီအက်ဖ် ပူးပေါင်းအဖွဲ့တွေရဲ့ တိုက်ခိုက် မီးရှို့တာ ခံခဲ့ရဖူးပါတယ်။