တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် တကူကျေးရွာမှာရှိတဲ့ စစ်ဘေးရှောင်တိမ်းနေသူတွေရဲ့ နေအိမ်တွေကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ဖျက်ဆီးပြီး အဖိုးတန်ပစ္စည်းတွေ ဝင်ရောက်ယူဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဆိုပါကျေးရွာမှာ ပြီးခဲ့တဲ့ မတ်လ ၁၉ ရက်နေ့က စစ်ကောင်စီနဲ့ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့အတွက် ဒေသခံတွေ ဘေးလွတ်ရာ ရှောင်တိမ်းနေကြတာပါ။
အဲဒီလို ထွက်ပြေးတိမ်းရှောင်နေတဲ့အချိန်မှာ စစ်ကောင်စီဘက်က လူမရှိတော့တဲ့ နေအိမ်တွေထဲက ငွေကြေးတွေနဲ့ အသုံးဆောင်ပစ္စည်းတွေကို ယူဆောင်ပြီး ဖျက်ဆီးခဲ့ကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
တနင်္သာရီမြို့နယ် တကူကျေးရွာဘက်မှာ စစ်ကောင်စီနဲ့ ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့တို့ မကြာခဏ တိုက်ပွဲဖြစ်ပွားနေတာရှိပြီး ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာလည်း စစ်ကောင်စီဘက်က ၄ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။