မွန်ပြည်နယ် သထုံခရိုင် အခြေစိုက် စစ်ကောင်စီတပ်ဖွဲ့ တပ်မ - ၄၄ လက်အောက်ခံ ခမရကုန်း အမြောက်တပ်က မတ် ၁၉ ရက် ည ၉ နာရီလောက်မှာ လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ဒေသခံပြည်သူ ၃ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သထုံခရိုင် KNU တပ်မဟာ ၁ နယ်မြေ ကျောက်တောင်ကျေးရွာမှာ ဘုရားပွဲပြုလုပ်နေစဉ် စစ်ကောင်စီတပ်က လက်နက်ကြီး ၄ လုံးနဲ့ ပစ်ခတ်ရာ ၃ လုံးပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။
ဘုရားပွဲအပြင်ဘက် ၂ လုံး ပေါက်ကွဲခဲ့ပြီး ဘုရားပွဲအတွင်းမှာတော့ ၁ လုံးပေါက်ကွဲကာ ၁ လုံးက မပေါက်ကွဲခဲ့ဘူးလို့ ဒေသခံတဦးက ပြောပါတယ်။
ဘုရားပွဲအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲတာကြောင့် ပြည်သူ ၃ ဦး အခင်းဖြစ်နေရာမှာ သေဆုံး၊ ၆ ဦးဒဏ်ရာရခဲ့ပြီး ဒဏ်ရာရသူတွေထဲက ကလေးငယ် ၁ ဦး စိုးရိမ်ရတယ်လို့ ဆိုပါတယ်။
မွန်ပြည်နယ် သထုံ၊ ကရင်ပြည်နယ် ဖာပွန်၊ ကော့ကရိတ်နဲ့ မြဝတီမြို့တွေမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ နေ့စဉ်လိုလို တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေပြီး ဒေသခံတွေလည်း ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။
မတ် ၁၈ ရက်နေ့ကလည်း ကော့ကရိတ်မြို့တောင်ဘက် နှစ်မိုင်လောက်မှာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး KNLA တပ်သားတဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
မတ်လ ၁၉ ရက်နေ့ကတော့ မြဝတီမြို့တောင်ဘက် မိုင် ၃၀ ခန့် ထီးကပလယ်ရွာအနီးမှာ KNLA တပ်ဖွဲ့က စနိုက်ပါနဲ့ ပစ်ခတ်တာကြောင့် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁ ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲတွေအတွင်း စစ်ကောင်တပ်ဖွဲ့က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေကြောင့် ဒေသခံတွေ ထိခိုက်သေဆုံး ဒဏ်ရာရတာတွေ၊ အရပ်သားတွေကို ရိုက်နှက်ဖမ်းဆီးတာ၊ နေအိမ်တွေ မီးရှို့တာ၊ ပစ္စည်းတွေကို ယူဆောင်တာတွေ ပြုလုပ်နေကြတယ်လို့ မြဝတီမြို့ခံတဦးက ပြောပါတယ်။