ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ စောင်ကြဲရွာအနီးမှာ စစ်ကောင်စီတပ်ကပစ်ခတ်လို့ PDF ရဲဘော် ၅ ဦး သေဆုံးခဲ့ပြီး ခေါင်းဆောင် အပါအဝင် ၇ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ရှမ်းပြည်နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မတ် ၁၈ ရက်မှာ ထုတ်ပြန်ပါတယ်။
စောင်ကြဲရွာအနီးမှာ ရှမ်းပြည်နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အရေးပေါ်လိုအပ်နေတဲ့ လက်နက်ခဲယမ်းနဲ့ တခြားရိက္ခာပစ္စည်းတွေ သယ်ယူပို့ဆောင်နေစဥ်မှာ ဒလန်သတင်းပေးမှုကြောင့် စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
ရှမ်းပြည်နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တဦးက "စစ်သား အင်အား ၅၀ နဲ့ စီးနင်းပစ်ခတ်တာကြောင့် ရှမ်းပြည်နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော် ၃ ဦးနဲ့ မဟာမိတ်ညီနောင်တပ်ဖွဲ့မှ ရဲဘော် ၂ ဦး ကျတယ်"လို့ပြောပါတယ်။
ရဲဘော် ၇ ဦး ထိခိုက်ဒဏ်ရာရရှိထားတဲ့အပြင် ဆေးဝါးအကူညီတွေ အရေးပေါ်လိုအပ်နေတာကြောင့် မိဘပြည်သူတွေရဲ့ ကူညီထောက်ပံ့မှုတွေ လိုအပ်နေတယ်လို့ သိရပါတယ်။