ကချင်ပြည်နယ်၊ ဟိုပင်မြို့နယ်၊ နန့်ရင်းကျေးရွာအနီးမှာ မတ် ၁၉ ရက်မနက်က စစ်ကောင်စီတပ်နဲ့ ကေအိုင်အေ PDF ပူးပေါင်းအဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
ဟိုပင်မြို့အရှေ့ နန့်ရင်းချောင်းအနီးမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ တပ်သား ၂၀၀ နီးပါးနဲ့ KIA နဲ့ PDF ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲပြင်းထန်ခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။
"မနက် ၇ နာရီလောက်က တိန့်လုံပါဘက် စစ်ကြောင်းထိုးလာတုန်း ကေအိုင်အေနဲ့ PDFက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်တာပဲ။ လက်နက်ကြီးတွေနဲ့လည်းပစ်တယ်။ စစ်တပ်ဘက်က အကျအဆုံးများနိုင်တယ်။ တိတိကျကျတော့ မသိရသေးဘူး"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားနေချိန်မှာ စစ်ကောင်စီတပ် ခလရ ၄၀ တပ်ရင်းကနေ လက်နက်ကြီးတွေနဲ့ ပစ်ကူပေးခဲ့တဲ့အတွက် လက်နက်ကြီးကျည်တွေ ကျေးရွာအတွင်းကျရောက်ပေါက်ကွဲလို့ နန့်ရင်းကျေးရွာနဲ့ ပတ်ဝန်းကျင်က ပြည်သူတွေ ဘေးလွတ်ရာ ထွက်ပြေးနေကြရပါတယ်။
နန့်ရင်းကျေးရွာဟာ ဟိုပင်မြို့နဲ့ ၂ မိုင်လောက်သာဝေးပြီး လက်နက်ကြီး ပစ်ခတ်သံတွေ ကြားနေရတဲ့အတွက် ဟိုပင်မြို့ပေါ်က ဈေးဆိုင်တချို့ ပိတ်ထားကြောင်းသိရပါတယ်။
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အဝင် မရမ်းကျေးရွာ ၂၁ မိုင် စစ်ဆေးရေး စုပေါင်းဂိတ်မှာလည်း ဒီနေ့ စစ်ကောင်စီတပ်နဲ့ ကေအိုင်အေ PDF ပူးပေါင်းတပ်ဖွဲ့တွေ အပြင်းအထန် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။