လာမယ့် မတ် ၂၀ ရက်ကနေ ၂၂ ရက်အတွင်း မြန်မာနိုင်ငံ ကမ်းရိုးတန်းဒေသတွေအနီး မုန်တိုင်းငယ် ၀င်ရောက်နိုင်တယ်လို့ မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီကနေ့ ခန့်မှန်းထုတ်ပြန်ထားပါတယ်။
ကပ္ပလီပင်လယ်အော်အရှေ့တောင်ပိုင်းနဲ့ ဆက်စပ်နေတဲ့ ဘင်္ဂလားပင်လယ်ပြင် တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းက ပိုမိုအားကောင်းလာပြီး ၂၄ နာရီအတွင်း မုန်တိုင်းငယ် အဖြစ်နဲ့ မြန်မာနိုင်ငံ ကိုကိုးကျွန်းအနီးကို မတ်လ ၂၀ ရက် ၊ ဧရာဝတီတိုင်း ဟိုင်းကြီးကျွန်းအနီး မတ်လ ၂၁ ရက် နဲ့ ရခိုင်ကမ်းရိုးတန်းဒေသကို မတ်လ ၂၂ ရက်မှာ ရောက်ရှိနိုင်တယ်လို့ မိုးဇလက ခန့်မှန်းထားတာပါ။
အဲဒီမုန်တိုင်းငယ်ရဲ့ သက်ရောက်မှုကြောင့် မတ် ၂၀ ကနေ ၂၂ ရက်အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာ၀တီတိုင်း၊ တနင်္သာရီတိုင်းနဲ့ ရှမ်း၊ ချင်း၊ ရခိုင်၊ ကယား၊ ကရင်၊ မွန်ပြည်နယ်တို့မှာ မိုးထစ်ချုန်းရွာနိုင်ပြီး ဒေသအလိုက် မိုးကြီးနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ဒါ့အပြင် မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ မိုးသက်လေပြင်းကျ၊ လေပြင်းတိုက်ခတ်၊ လှိုင်းကြီးခြင်းတွေ ဖြစ်လာနိုင်တာကြောင့် ပြည်တွင်းလေကြာင်း၊၊ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဥ်တွေနဲ့ သင်္ဘောတွေကို ကြိုတင်သတိပြုကြဖို့ မိုးဇလက အသိပေး ထုတ်ပြန်ထားပါတယ်။