ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ မတ် ၁၈ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်သားတွေ လိုက်ပါလာတဲ့ သင်္ဘောတစီးကို ပြည်သူ့ကာကွယ်ရေးတပ် PDF အဖွဲ့က ကြားဖြတ် တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ရွှေကူမြို့ကနေ ထွက်ခွာလာတဲ့ စစ်ကောင်စီသင်္ဘောကို ကျောက်ကြီးကျေးရွာအနီးမှာ ပြည်သူ့ကာကွယ်ရေးတပ် PDF က လက်နက်ကြီးနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
ဒေသခံတဦးက "မနက် ၄ နာရီလောက်မှာ စကစသင်္ဘော တက်လာတာကို စောင့်ပြီး လက်နက်ကြီးနဲ့ လှမ်းပစ်တာ။ သူတို့ သင်္ဘောဝမ်းထဲ လက်နက်ကြီးကျတယ်။ သေနတ်နဲ့လည်း ပစ်ကြတယ်။ ၁၀ မိနစ်လောက်တော့ ကြာတယ်။ အကျအဆုံး အထိအခိုက်တော့ တိတိကျကျ မသိရဘူး။" လို့ ပြောပါတယ်။
ရွှေကူမြို့မှာ ပြီးခဲ့တဲ့ မတ် ၁၁ ရက်နေ့ကလည်း ဗျူဟာမှူးတဦးနဲ့ သုံးပွင့်ဗိုလ်ကြီးနှစ်ဦး အပါအဝင် အင်အား ၁၀ ဦးထက်မနည်း လိုက်ပါလာတဲ့ စက်လှေတစီးကို PDF က ပစ်ခတ်ခဲ့ပါသေးတယ်။